Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇွန်လ ၂၃ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်ကောင်စီထံ ခြောက်လအတွင်း ဒေါ်လာ ၅သန်းကျော်ဖိုး လက်နက်ခဲယမ်းတွေ အိန္ဒိယရောင်းချ

အိန္ဒိယဟာ မြန်မာစစ်ကောင်စီထံ လွန်ခဲ့တဲ့ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၅ သန်းဖိုး တန်ကြေးရှိတဲ့ လက်နက်ခဲယမ်းတွေ တင်ပို့ရောင်းချခဲ့တယ်လို့ Justice For Myanmar(JFM)က ဖော်ပြလိုက်ပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၃ ခုနှစ် ဧပြီလအထိ ခြောက်လတာအတွင်း အိန္ဒိယနိုင်ငံပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီက စစ်ဘက်သုံးနည်းပညာနဲ့ ဆက်နွယ်ပစ္စည်းတွေရောင်းချတာလို့သိရပါတယ်။ အဲဒီအိန္ဒိယ ကုမ္ပဏီက တင်ပို့တဲ့ စစ်သုံးပစ္စည်းတွေ ထဲမှာ ရေဒီယိုလှိုင်းစက်နဲ့ ရေဒါဆိုင်ရာ ပစ္စည်းတွေ ၊ စစ်မြေပြင်သုံး ဆက်သွယ်ရေးစက်တွေပါဝင်တယ်လို့ JFM က ဆိုထားပါတယ်။ ဒါ့အပြင် မြန်မာရေတပ်ရဲ့ ရေငုပ်သင်္ဘော ၊ တိုက်သင်္ဘောတွေအတွက် အထောက်အကူဖြစ်မယ့် စာရွက်စာတမ်းတွေပို့ပေးတယ်လို့လည်း သိရပါတယ်။ မြန်မာစစ်တပ်ထံ အိန္ဒိယကုမ္ပဏီက လက်နက်တင်ပို့မှု ၇ ကြိမ် ရှိခဲ့ပြီး အဲဒီလိုတင်ပို့ရာမှာ ၃ ကြိမ် က မြန်မာစစ်တပ်ထံ တိုက်ရိုက်တင်ပို့ပြီး ကျန်တဲ့အကြိမ်တွေမှာတော့ စစ်တပ်နဲ့ဆက်နွယ်တဲ့ကုမ္ပဏီတွေကတဆင့် တင်ပို့တာလို့ JFM က ဖော်ပြပါတယ်။

ဓာတ်ပုံ − အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန
ဓာတ်ပုံ − အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန

▪️ဖရူဆိုမြို့အနောက်ခြမ်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အနောက်ခြမ်းကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ‌ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက ဒိုရောက်အောက်ရွာနဲဲ့ ထေးခို ကျေးရွာနှစ်ရွာကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ကရင်နီစစ်ရှောင်အရေးကူညီပေးနေသူက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်သုံးလုံး အလုံးစုံပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုအနောက်ဘက်ခြမ်း၌ ပျက်စီးခဲ့ရသည့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုအနောက်ဘက်ခြမ်း၌ ပျက်စီးခဲ့ရသည့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️KNU တပ်မဟာ(၆)နယ်မြေမှာ မေလအတွင်း တိုက်ပွဲ ၃၀ကျော်ဖြစ်ပွားခဲ့၊ စစ်ကောင်စီတပ် ၄၆ ဦး သေဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင်မှာ မေလအတွင်း တိုက်ပွဲပေါင်း ၃၁ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ဘက်ဆိုင်ရာ ကြေးနန်းမှတ်တမ်းများအရ စစ်ကောင်စီဘက်က ၄၆ ဦးသေဆုံးပြီး ၄၀ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့တယ်လို့ KNU က အသိပေးထားပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တစ်ဦး ကျဆုံးကာ ငါးဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာ စစ်ကြောင်း)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ကော်ဘရာ စစ်ကြောင်း)

▪️ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ရှစ်ဦးသေ၊ ပူးပေါင်းတပ်မှ တစ်ဦးကျဆုံးဟု ကျားသစ်နက်စစ်ကြောင်း အသိပေး

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တစ်မိုင်ကုန်းကျေးရွာရှိ စစ်ကောင်စီရဲ့ ရေကူးကန် တပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၂၁ ရက်‌ နေ့ခင်းက စစ်ကောင်စီ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ရေကူးကန်စစ်ကောင်စီတပ်စခန်းကုန်းကို KNU/KNLA တပ်ရင်း(၁၈)၊ ကျားသစ်နက်စစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနဲ့ ကျားဖြူစစ်ကြောင်းတို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦး သေဆုံးပြီး အများပြားဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦးကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

(ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကျားသစ်နက်စစ်ကြောင်း)
(ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ကျားသစ်နက်စစ်ကြောင်း)

▪️အင်းတော်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ်အပါအဝင် သုံးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့လို့ အရပ်သားထိခိုက်မှုရှိခဲ့တယ်လို့ Indaw Revolutionက အသိပေးထုတ်ပြန်ပါတယ်။ ဇွန်လ ၂၁ နဲ့ ၂၂ ရက်တွေမှာ အင်းတော်နယ် လက်နက်ကြီးကုန်းမှ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဖော်ပြပါတယ်။ မနေ့က အင်းတော်မြို့နယ် နဘားရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ကမ်းနီရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လယ်အတွင်းရှိနေတဲ့ အမျိုးသမီးတစ်ဦး နဲ့ သူမရဲ့ (၅)နှစ်အရွယ် ကလေးငယ်တို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၁ ရက်ကလည်း နဘားကျေးရွာဘက်သို့ ပင်လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပင်ဝယ်ရွာမှ သုံးဘီးမောင်းသူ အသက် ၄၀ ကျော်အရွယ် အမျိုးသား ဝမ်းဗိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

(ပြီးခဲ့သည့်မေလ ၂၃ရက်က စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်၍ ပျက်စီးသွားသော ရွာသာယာဘုန်းကြီးကျောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - IR)
(ပြီးခဲ့သည့်မေလ ၂၃ရက်က စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်၍ ပျက်စီးသွားသော ရွာသာယာဘုန်းကြီးကျောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ – IR)

▪️ဟူးကောင်းဒေသနယ်မြေအချို့ကို KIA တပ်ရင်း (၁၄) ကန့်သတ်နယ်မြေသတ်မှတ်

ကချင်ပြည်နယ်၊ တနိုင် လီဒီုလမ်းအနီး ကချင်လွတ်လပ်ရေးအဖွဲ့(KIA)တပ်ရင်း (၁၄)နယ်မြေ ဟူးကောင်းခရိုင်အတွင်းရှိ နယ်မြေဒေသအချို့ကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး အဲဒီနယ်မြေအတွင်းရှိနေသူများ ဇွန်လ ၂၅ ရက်နောက်ဆုံးထား ထွက်ခွာဖို့ မေတ္တာရပ်ခံထားပါတယ်။ ခရိုင်အမှတ်(၁၄) တပ်ရင်းနယ်မြေ ဝါရာဇွပ်တိုက်နယ်အတွင်းရှိ စံပြ၊ အောင်ရာ၊ ဘန်ကောက်ကျေးရွာနဲ့ ယုဇနစက်ရုံဟောင်းရဲ့ နောက်ဘက်ခြမ်းနယ်မြေ၊ ရှဒူးဇွပ်ကျေးရွာနဲ့ ကိုင်းတော၊ ခေါင်းလော်ချောင်း တို့ရဲ့ နောက်ဘက်ခြမ်းနယ်မြေများကို ကန့်သတ်နယ်မြေ သတ်မှတ်လိုက်တာပါ။ အခုလို ကန့်သတ်နယ်မြေများကို မလွှဲမရှောင်သာ သတ်မှတ်ရခြင်းမှာ အဲဒီနေရာများမှာ စစ်ကောင်စီ လက်အောက်ခံ ဖြစ်တဲ့ ရှဒူးဇွပ်မင်းဇင်သန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့များက စည်းကမ်းမဲ့ ပရမ်းပတာ မိုင်းထောင်ခြင်း၊ ဒရုန်းယာဉ်နဲ့ အကြိမ်ကြိမ်ဗုံးကြဲချ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများရမ်းသန်းပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များ၊ ပျက်ဆီးဆုံးရှုံးမှာ စိုးရိမ်လို့ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

▪️ဆားလင်းကြီးနယ်မှာ စစ်ကောင်စီတပ်က နှစ်ပတ် အတွင်း ပြည်သူ ၁၀ဦးထက်မနည်းကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီး​နောက်ပိုင်း အနီးဝန်းကျင်​ကျေးရွာများကို စစ်​တပ်က ပစ်ခတ်အကြမ်းဖက်ခဲ့ရာ နှစ်ပတ်အတွင်း ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ထွက်​ပြေးတိမ်း​ရှောင်​နေရ​တဲ့ ပြည်သူ ငါးဦးမှာလည်း ကျန်းမာရေးမကောင်းလို့ သေဆုံးခဲ့ရတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီက ပြောပါတယ်။ ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်အုပ်စုက စခန်းထဲသို့ အင်အားထပ်တိုးကာ စစ်အုပ်စုက အရပ်သားပြည်သူများကို အကြမ်းဖက်မှုများဆက်တိုက် ပြုလုပ်နေတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီက ပြောပါတယ်။

(စစ်အုပ်စု၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)
(စစ်အုပ်စု၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)