Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်၏ တိုက်ခိုက်မှုကြောင့် ဟူးကောင်းဒေသနယ်မြေအချို့ကို KIA တပ်ရင်း(၁၄) ကန့်သတ်နယ်မြေသတ်မှတ်

KIA တပ်ရင်း(၁၄) နယ်မြေအတွင်းရှိ ရှဒူးဇွပ် အခြေစိုက် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့နှင့်KIA တို့သည် ယခင်ကလည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပြီး တပ်စခန်းများအား အပြန်အလှန် တိုက်ခိုက်မှုများ ရှိခဲ့သည်။

(ကချင်လွတ်လပ်ရေးအဖွဲ့(KIA)မှ တပ်ဖွဲ့ဝင်အချို့အား ၂၀၁၃ အောက်တိုဘာ ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးအဖွဲ့(KIA)မှ တပ်ဖွဲ့ဝင်အချို့အား ၂၀၁၃ အောက်တိုဘာ ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️ရွှေတူးဖော်ခြင်းအပါအဝင် ကန့်သတ်နယ်မြေအတွင်းရှိသူများ ဇွန်လ၂၅ရက်ကစ၍ ထွက်ခွာရန် မေတ္တာရပ်ခံ

ကချင်ပြည်နယ် တနိုင်း လီဒီုလမ်းအနီး ကချင်လွတ်လပ်ရေးအဖွဲ့(KIA)တပ်ရင်း (၁၄)နယ်မြေ ဟူးကောင်းခရိုင်အတွင်းရှိ နယ်မြေဒေသအချို့ကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး ယင်းနယ်မြေအတွင်းရှိနေသူများ ဇွန်လ ၂၅ရက်နောက်ဆုံးထား ထွက်ခွာရန် မေတ္တာရပ်ခံထားသည်။

ခရိုင်အမှတ်(၁၄) တပ်ရင်းနယ်မြေ ဝါရာဇွပ်တိုက်နယ် အတွင်းရှိ စံပြ၊အောင်ရာ၊ ဘန်ကောက်ကျေးရွာနှင့် ယုဇနစက်ရုံဟောင်း၏ နောက်ဘက်ခြမ်းနယ်မြေ၊ ရှဒူးဇွပ်ကျေးရွာနှင့် ကိုင်းတော၊ ခေါင်းလော်ချောင်း တို့၏ နောက်ဘက်ခြမ်းနယ်မြေများကို ကန့်သတ်နယ်မြေ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ကန့်သတ်နေရာများတွင် တရားမဝင်ငါးဖမ်းခြင်း၊ တောင်ယာစိုက်ခင်း၊ လယ်ယာမြေများ လုပ်ကိုင်ခြင်း၊ အများပိုင်မြေများကို စက်ယန္တရားကြီးများနှင့် ရွှေတူးဖော်ခြင်း၊ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်ခြင်း၊ အလုပ်အကိုင်မရှိ အကြောင်းမဲ့ လာရောက်နေထိုင်ခြင်း လုံး၀မပြုလုပ်ရန် အသိပေးထားသည်။

ဇွန်လ၂၅ရက် နောက်ဆုံးထားပြီး ထွက်ခွာပေးရန် မေတ္တရပ်ခံကြောင်း KIA တပ်ရင်း(၁၄)က ထုတ်ပြန်ခဲ့ပြီး အသိပေးထုတ်ပြန်သည့်နေ့မှ စ၍ ကန့်သတ်နယ်မြေအတွင်း ရောက်ရှိနေသောမည်သည့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမဆို ထိရောက် စွာအရေးယူတုန့်ပြန်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ ကန့်သတ်နယ်မြေများကို မလွှဲမရှောင်သာ သတ်မှတ်ရခြင်းမှာ အဆိုပါနေရာများ၌စစ်ကောင်စီ လက်အောက်ခံ ဖြစ်သည့် ရှဒူးဇွပ်မင်းဇင်သန့် ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့များမှ ပြည်သူလူထု သွားလာလုပ်ကိုင်နေသော နေရာအများစုတွင် စည်းကမ်းမဲ့ ပရမ်းပတာ မိုင်းထောင်ခြင်း၊ ဒရုန်းယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲချ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများရမ်းသန်းပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ ပျက်ဆီးဆုံးရှုံးမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မေးမြန်းရန် ဒေသခံသတင်းရင်းမြစ်အချို့နှင့် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ခဲ့ရာအဆက်အသွယ်မရသေးပေ။

KIA တပ်ရင်း(၁၄) နယ်မြေအတွင်းရှိ ရှဒူးဇွပ် အခြေစိုက် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့နှင့်KIA တို့သည် ယခင်ကလည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပြီး တပ်စခန်းများအား အပြန်အလှန် တိုက်ခိုက်မှုများ ရှိခဲ့သည်။

ဖားကန့်မြို့နယ် ရှဒူးဇွပ်အခြေစိုက် မင်းဇင်သန့် ပြည်သူစစ်ကလည်း ၎င်းတို့အား KIAက လာတိုက်မည်စိုး၍ ဒေသတွင်း၌ မိုင်းထောင်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းများ၊ ကချင်လူမျိုး နေအိမ်များကို ဝင်ရောက်စစ်ဆေးခြင်း၊ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှု၊ ဖမ်းဆီးခံရမှု အချို့ရှိခဲ့သည်ဟု ကချင်ဒေသ သတင်းရင်းမြစ် အချို့က အသိပေးသည်။

ရှဒူးဇွပ်ဒေသ ရွှေမှော်များအပါအဝင် ယင်းဒေသရှိ လုပ်ငန်းများကို မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့က ငွေကြေးများ ကောက်ခံလျက်ရှိရာ ယင်းပြည်သူ့စစ်နယ်မြေရှိ ရွှေမှော်များအား ယခုနှစ် ဇန်နဝါရီ ၁၄ရက် နောက်ဆုံးထား၍ ပိတ်သိမ်းရန် ၊ လုပ်ငန်းရှင်များနှင့် ဧည်သည်များဒေသတွင်းမှ ထွက်ခွာရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၂)က အမိန့်ထုတ်ပြန်ခဲ့ဖူးသည်။

ထို့စဉ်ကလည်း မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့က ဒေသတွင်းရှိလမ်းများကို ပိတ်ထားခဲ့သည်ဟု ဒေသခံက ပြောကြားထားသည်။