Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လိုင်ဇာအနီး နန်ဆန်ယာန်ရွာတိုက်ပွဲကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်းပိတ်ထားပြီး ယာဉ်အချို့ ပိတ်မိ

ဇူလိုင် ၃ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ထိုးစစ်ဆင်လာ၍ နန်ဆန်ယာန်ကျေးရွာအထွက် ဗန်းမော်နယ်ဘက်ခြမ်း၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(တိုက်ပွဲသံကြောင့် နမ်ဆန်ယန်ကျေးရွာ ဘုရားကျောင်းဝင်းသို့ ရောက်နေလာသည့် စစ်ရှောင်ပြည်သူများ။ ဓာတ်ပုံ - Kachinwaves)
(တိုက်ပွဲသံကြောင့် နမ်ဆန်ယန်ကျေးရွာ ဘုရားကျောင်းဝင်းသို့ ရောက်နေလာသည့် စစ်ရှောင်ပြည်သူများ။ ဓာတ်ပုံ - Kachinwaves)

▪️KIA ဘက်က အင်အားကောင်းပြီး နယ်မြေစိုးမိုးထား၍ စစ်ကောင်စီတပ် ထိုးဖောက်နိုင်ရန် ခက်ခဲမည်ဟု ဒေသခံပြော

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့အနီးရှိ နန်ဆန်ယာန်ကျေးရွာသို့ စစ်ကောင်စီတပ်ထိုးစစ်ဆင်လာ၍ ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲကြောင့် ဒေသခံများ စစ်ရှောင်ခြင်း၊ စိုးရိမ်ထိတ်လန့်စွာနေထိုင်ရခြင်းအပြင် မြစ်ကြီးနား – ဗန်းမော်လမ်း ပိတ်ထားရကြောင်း ဒေသခံက ပြောသည်။

ဇူလိုင် ၃ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ထိုးစစ်ဆင်လာ၍ နန်ဆန်ယာန်ကျေးရွာအထွက် ဗန်းမော်နယ်ဘက်ခြမ်း၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

“သူတို့က အခုက ရွာခံတွေကျတော့ စစ်ရှောင်ဖို့ အကုန်လုံးပြင်ဆင်နေတယ်။ တချို့ကျတော့ ဝိုင်းမော်ဘက် ထွက်ပြေးလာသူလည်းရှိပြီပြောတယ်။သူတို့ပြောတာကတော့ လက်နက်ကြီးတွေနဲ့ပစ်တယ်လို့တော့ ကြားတယ်”ဟု နန်ဆန်ယာန်ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ယာဉ်အသွားအလာများ ပိတ်ထားရသည်ဟု ကချင်ဒေသခံက ဆိုသည်။

“ဗန်းမော်လမ်းတော့ ပိတ်တယ်။ ဒီမနက်က စပိတ်တာ။ တစ်လမ်းလုံးပေါ့အခုက။ ယာဉ်တွေတော့ ပြန်ခေါက်ကျတာပေါ့။ တံတားထိပ်မှာပဲ။လိုင်ဇာနဲ့ကနီးတယ်။ လိုင်ဇာကို ကားနဲ့သွားရင် ၄၅မိနစ်မောင်းရတယ်။ လမ်းမကောင်းလို့ပါ လမ်းကောင်းရင် နာရီဝက်ပဲ။ လောလောဆယ်တော့ ရွာမှာ စိုးရိမ်စိတ်နဲ့နေကြတာပေါ့”ဟု ကချင်ဒေသခံက ပြောသည်။

နန်ဆန်ယာန်ရွာသို့ စစ်ကောင်စီတပ်များ ပြန်လည်နေရာယူရန် နေပြည်တော်မှလာသည့် စစ်ကောင်စီ၏အမိန့်ဟု ကြားရကြောင်း ကချင်ဒေသခံက ပြောသည်။

“သူတို့က ဗဟိုကနေ ပြန်ထိုင်ဖို့ အမိန့်ကျတာကိုး။ တိုးဖို့တော့ မလွယ်တော့ဘူးထင်တယ်။ မလွယ်ဘူးဆိုတာ အဲဒီဘက်က ဟိုဘက်(KIA)ဘက်က တော်တော်ပြင်ဆင်ထားတာ။ အင်အားလည်းသိတဲ့အတိုင်းပဲ။ တံတားတောင်ကျော်လို့မရဘူး။ တံတားနားတောင်ကပ်လို့မရဘူး”ဟု ကချင်ဒေသခံက ပြောသည်။

နန်ဆန်ယာန်ရွာသည် ၂၀၁၁ကဖြစ်ပွားခဲ့သည့် KIAနှင့် စစ်ကောင်စီတပ်တို့၏ တကျော့ပြန် တိုက်ပွဲကာလတွင်လည်း အစောဆုံး စစ်ဘေးရှောင်ရသည့်ကျေးရွာဖြစ်ပြီး တိုက်ပွဲများကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများပြားခဲ့ရသည်။

နန်ဆန်ယာန်တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIAသတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။