Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးနှင့်ထန်တလန်ကြား စစ်ကောင်စီတပ် လေကြောင်း၊ လက်နက်ကြီးဖြင့်တိုက်ခိုက်၊ ချင်းရဲဘော်အချို့ ထိခိုက်ဒဏ်ရာရ

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ချင်းပူးပေါင်းတပ်က လက်နက်ကြီးဖြင့် တိုက်ခိုက်မှု၊ မြို့တွင်း ထိတွေ့တိုက်ပွဲအချို့လည်း ဆက်ရှိနေကြောင်း ၄င်းကဆက်​ပြောသည်။

(သီမစ်​ဒေသတွင် စစ်​ကောင်စီတပ် တိုက်ခိုက်မှု​ကြောင့် အပျက်အစီးအချို့ကို ​တွေ့ရစဥ်။The Chin Journal)
(သီမစ်​ဒေသတွင် စစ်​ကောင်စီတပ် တိုက်ခိုက်မှု​ကြောင့် အပျက်အစီးအချို့ကို ​တွေ့ရစဥ်။The Chin Journal)

ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်ကြားကို စစ်ကောင်စီတပ်က ယနေ့( ဇူလိုင် ၃ရက်)နံနက်တွင် လေကြောင်းနှင့် လက်နက်ကြီးအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မေလကုန်ပိုင်းကလည်း ဟားခါး- ထန်တလန်ကြား သီမစ်ဒေသကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူများပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုး၍ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများပြင်းထန်ခဲ့ရာမှ ယ​နေ့နံနက်တွင် လေကြောင်းနှင့် လက်နက်ကြီးအသုံးပြု၍ ထပ်မံ တိုက်ခိုက်လာခြင်းဖြစ်သည်။

(သီမစ်​ဒေသတွင် စစ်​ကောင်စီတပ် တိုက်ခိုက်မှု​ကြောင့် အပျက်အစီးအချို့ကို ​တွေ့ရစဥ်။The Chin Journal)
(သီမစ်​ဒေသတွင် စစ်​ကောင်စီတပ် တိုက်ခိုက်မှု​ကြောင့် အပျက်အစီးအချို့ကို ​တွေ့ရစဥ်။The Chin Journal)

“တိုက်လေယာဉ်နဲ့လာပြီးတော့ နှစ်ကြိမ်ဗုံးကြဲတာပေါ့။ ပြီးတော့ဟားခါးမြို့ပေါ်ကနေ လက်နက်ကြီးတွေ တရစပ်ပစ်တာပေါ့။ ကျနော်တို့ ချင်းအမျိုးသားတပ်မတော်သားတွေဘက်က အထိအခိုက်တော့ မရှိပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်ကထိခိုက်မှုရှိတယ်လို့ ကျနော်တို့ သိတယ်။မြေပြင်တက်ဖို့ သူတို့က ပြင်ဆင်တယ်လို့တော့ကြားတယ်။ အဲဒီအတွက် လုပ်နေကြ တိုက်လေယာဉ်နဲ့လက်နက်ကြီးနဲ့ လမ်းရှင်းတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

​ဒေသကာကွယ်​ရေးတပ်ဖွဲ့ ဝင်များထဲမှ ရာရသူ ၃၊၄ဦးရှိပြီး ကျဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဟု ၎င်းကဆက်​ပြောသည်။

“ကျနော်တို့သုံးသပ်တာကတော့ အခုသီးမစ်မှာ ခံစစ်အနေနဲ့ သူတို့ ပြင်ဆင်ထားပုံရတယ်။ အဲဒီကနေ တဆင့် ထန်တလန်ဘက်ကို တဖြည်းဖြည်းချဉ်းကပ်နိုင်မယ့်အနေအထားမှာရှိတယ်လို့ သူတို့လှုပ်ရှားမှုအပေါ် အဲဒီလိုပဲ သုံးသပ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ချင်းပူးပေါင်းတပ်က လက်နက်ကြီးဖြင့် တိုက်ခိုက်မှု၊ မြို့တွင်း ထိတွေ့တိုက်ပွဲအချို့လည်း ဆက်ရှိနေကြောင်း ၄င်းကဆက်​ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က မိုးတွင်းကာလ၌ မြေပြင်ထိုးစစ်ထက် လေကြောင်း ၊ လက်နက်ကြီး တိုက်ခိုက်မှုများ ပိုလုပ်လာနိုင်ကြောင်း၊ အကယ်၍ မြေပြင်ထိုးစစ်ဆင်လာပါကလည်း တိုက်ခိုက်သွားရန် ချင်းတပ်ဖွဲ့များအနေဖြင့် ပြင်ဆင်ထားကြောင်း ဆလိုင်းထက်နီက ပြောသည်။