Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပြင်သစ် ထောက်ပံ့ထားတဲ့ သံချပ်ကာယာဉ်တွေရဲ့ ပျော့ကွက်ကို ယူကရိန်း စစ်ဦးစီးတစ်ဦး ဝန်ခံ

ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ အဲဒီ သံချပ်ကာ ယာဉ်တွေဟာ လက်နက်ငယ် ပစ်ခတ်မှုတွေကနေ ခြေလျင် တပ်ဖွဲ့ဝင်တွေကို အကာအကွယ် ပေးနိုင်ဖို့ အဓိက တည်ဆောက်ထားတယ်လို့လည်း သိရပါတယ်။

ပြင်သစ် ထောက်ပံ့ထားတဲ့ သံချပ်ကာယာဉ်တွေရဲ့ ပျော့ကွက်ကို ယူကရိန်း စစ်ဦးစီးတစ်ဦး ဝန်ခံ
ပြင်သစ် ထောက်ပံ့ထားတဲ့ သံချပ်ကာယာဉ်တွေရဲ့ ပျော့ကွက်ကို ယူကရိန်း စစ်ဦးစီးတစ်ဦး ဝန်ခံ

ပြင်သစ်က ထောက်ပံ့ပေးထားတဲ့ အပေါ့စား တိုက်ခိုက်ရေး သံချပ်ကာ ယာဉ်တွေဟာ လက်ရှိ အကောင်အထည် ဖော်နေတဲ့ တန်ပြန်ထိုးစစ်မှာ အသုံးမဝင်ဘဲ ဖြစ်နေတယ်လို့ ယူကရိန်း စစ်ဦးစီး အရာရှိ တစ်ဦးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

ပြင်သစ်ဟာ ပိုမို ခေတ်မီတဲ့ Jaguar အမျိုးအစား သံချပ်ကာ ယာဉ်တွေနဲ့ အစားထိုးတော့မယ့် AMX-10 RCတွေကို ယူကရိန်းဆီ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ အဲဒီ သံချပ်ကာ ယာဉ်တွေမှာ အားကောင်းတဲ့ တင့်ကားဖျက် အမြောက်တွေ တပ်ဆင်နိုင်ပြီး ရန်သူ ရုရှားရဲ့ တင့်ကားတပ်တွေကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ ပြင်သစ်က ညွှန်းဆိုခဲ့ဖူးပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း AMX-10 RCတွေ လက်ခံရရှိချိန်မှာ ပြင်သစ် အစိုးရကို ကျေးဇူးတင်စကား ပြောခဲ့သလို နိုင်ငံခြားရေး ဝန်ကြီး အိုလက်ခ်ဆီ ရက်ဇ်နီကော့ဗ်ကလည်း အဲဒီ သံချပ်ကာယာဉ် တစ်စီးထဲမှာ ကိုယ်တိုင် ဝင်ရောက် စီးနင်းလိုက်ပါကြည့်ခဲ့ဖူးပါတယ်။

ဧပြီလမှာတော့ ယူကရိန်း စစ်တပ်က ကင်းထောက်ဖို့နဲ့ ရန်သူ့ တင့်ကားတွေကို ချောင်းမြောင်းတိုက်ခိုက် ဖျက်ဆီးဖို့ အဓိက အသုံးပြုနိုင်တဲ့ AMX-10 RCတွေဟာ စစ်မြေပြင်မှာ စတင် အမှုထမ်းနေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လတုန်းက ရုရှားထိန်းချုပ် နယ်မြေတွေကို ပြန်သိမ်းပိုက်ဖို့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် စတင်လာချိန်မှာတော့ အဲဒီ သံချပ်ကာယာဉ်တွေနဲ့ ပတ်သက်လို့ ကြီးမားတဲ့ ဟာကွက်တစ်ခုကို တွေ့လာရပါတယ်။

AMX-10 RCတွေကို လက်တွေ့ အသုံးပြုနေတဲ့ အမှတ် ၃၇ မရိန်းတပ်ရင်းရဲ့ စစ်ဦးစီး တစ်ဦးက AMX-10 RCတွေရဲ့ သံချပ်ကာဟာ ပါးလွှာလွန်းပြီး ရန်သူ့ပစ်အားကို တောင့်မခံနိုင်ဘူးလို့ ပြောပါတယ်။ စစ်ဆင်ရေး ကုတ်ဒ်နာမည် စပါတန်နက်စ်ဆိုတဲ့ အဲဒီ စစ်ဦးစီးရဲ့ အဆိုအရ ဖြစ်စဉ် တစ်ခုမှာဆိုရင် ယူကရိန်း စစ်သည်တွေပါ အသက်ဆုံးရှုံးတဲ့ထိ ကြုံခဲ့တယ်လို့လည်း သိရပါတယ်။

သံချပ်ကာ ပါးလွှာတဲ့ အဲဒီ အပေါ့စား တိုက်ခိုက်ရေး ယာဉ်တွေဟာ ထိုးစစ်ကြောင်းရဲ့ ရှေ့ဆုံးတန်းက ဦးဆောင်ဖို့ ရည်ရွယ် ထုတ်လုပ်ထားတာမျိုး မဟုတ်ဘဲ အထောက်အပံ့ တိုက်ခိုက်ရေး ယာဉ်တွေအဖြစ် အဓိက ရည်ရွယ်ထားတာပါ။ တစ်ကြိမ်မှာတော့ ရုရှား ပစ်လွှတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆန်ဟာ MAX-10 RC တစ်စီးနားမှာ ကျရောက်ရာက အစအနတွေဟာ သံချပ်ကာ ယာဉ်ကို ထိမှန်ခဲ့ကြောင်း၊ အဲဒီဒဏ်ကို ယာဉ်က မခံနိုင်ဘဲ စုတ်ပြတ်သွားပြီး အဖွဲ့သား ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း စပါတန်နက်စ်က ပြောပါတယ်။

AMX-10 RCတွေရဲ့ အမြောက်တွေနဲ့ ထောက်လှမ်းရေး ကိရိယာတွေ အားလုံးက အရမ်း အဆင့်မြင့်ကြောင်း၊ ဒါပေမဲ့ သံချပ်ကာတွေကတော့ ရန်သူ့ အမြောက်ဆန် အစအနကိုတောင် မကာကွယ်နိုင်လောက်အောင် ပါးလွှာနေတဲ့အတွက် ထိုးစစ်အတွက် ရှေ့တန်းမှာ ထုတ်သုံးဖို့ အဆင်မပြေကြောင်း သူက ရှင်းပြသွားပါတယ်။ ၁၅၂ မီလီမီတာ အမြောက်ဆန် တစ်လုံးက ယာဉ်ဘေးမှာ ကျရောက်တဲ့ အရှိန်ကိုတောင် သံချပ်ကာက တောင့်မခံနိုင်ဘူးလို့လည်း သူက ထောက်ပြသွားပါတယ်။

ယူကရိန်းဟာ ပြင်သစ်ဆီက AMX-10 RC ဘယ်နှစီး လက်ခံရရှိထားသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ပြင်သစ်ဟာ ပထမအသုတ်အဖြစ် ယူကရိန်းဆီ သံချပ်ကာယာဉ် ၁၄ စီး ထောက်ပံ့မှုကို အတည်ပြုခဲ့ပေမယ့် စုစုပေါင်း အစီးရေ ၄၀ လောက်ထိ ပို့ဆောင်မယ်လို့ ယုံကြည်ရပါတယ်။ စစ်ပွဲမှာ ကြုံနေတဲ့ အပျက်အစီး အဆုံးအရှုံးတွေကို စောင့်ကြည့် လေ့လာနေတဲ့ သုတေသန ဝက်ဘ်ဆိုက် Oryxကတော့ ယူကရိန်းဟာ AMX-10 RC အနည်းဆုံး ၃ စီးလောက်ကို ဆုံးရှုံးခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ အဲဒီ သံချပ်ကာ ယာဉ်တွေဟာ လက်နက်ငယ် ပစ်ခတ်မှုတွေကနေ ခြေလျင် တပ်ဖွဲ့ဝင်တွေကို အကာအကွယ် ပေးနိုင်ဖို့ အဓိက တည်ဆောက်ထားတယ်လို့လည်း သိရပါတယ်။