Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️နန်ဆန်ယန်ကို စစ်ကူလာတဲ့ စစ်​ကောင်စီစစ်ကြောင်း KIA ကြားဖြတ်တိုက်ခိုက်လို့ စစ်တပ်အထိနာ

ကချင်ပြည်နယ် နန်ဆန်ယန်ကျေးရွာအနီးတဝိုက်ဖြစ်ပွားနေတဲ့ တိုက်ပွဲသို့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ကို မနေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာခဲ့တယ်လို့ ကချင်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ ဇူလိုင် ၃ ရက်ကစလို့ နန်ဆန်ယန်ဒေသမှာ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ​တယ်လို့ ​ဒေသခံအချို့က ​ပြောပါတယ်။ အလစ်အငိုက် တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်မှ ၂၀ ဦးခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

(​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၈ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-AP)
(​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၈ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-AP)

▪️ဖားဆောင်းနဲ့ ပန်တိန်းဒေသတို့မှာ တိုက်ပွဲပြင်းထန်နေ

ကရင်နီပြည်နယ်၊ ဖားဆောင်းနဲ့ ပန်တိန်း ဒေသတို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ အများအပြားအသုံးပြုနေရတယ်လို့ ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်ကစလို့ ဖားဆောင်းမြို့နယ်မှာ စစ်ကြောင်းထိုးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကာ မယ်စဲ့မြို့ ပန်တိန်း​ဒေသမှာလည်း ထိတွေ့မှု ပြင်းထန်နေတယ်လို့ သိရပါတယ်။ ပန်တိန်းဒေသမှာ စစ်ကောင်စီ လေယာဥ်သုံးစီး ထက်မနည်း အသုံးပြုနေရပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီမြေပြင်တပ်ကို ပစ်ကူပေးနေရခြင်းမျိုးဖြစ်နိုင်တယ်လို့ ကရင်နီ ဒေသခံစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။ စစ်ကောင်စီတပ်ဟာ မယ်စဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ဖားဆောင်းနဲ့ ရွာသစ်မြို့များဘက်မှ မြေပြင် တပ်ရင်းလေးခု ထက်မနည်းအသုံးပြုထားတယ်လို့ ကရင်နီစစ်ရေးစောင့်ကြည့်သူများက ပြောပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူများကို ဝန်းရံပေးနေသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ - CJ
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူများကို ဝန်းရံပေးနေသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ – CJ

▪️အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ထံ စစ်ဘက်ဆိုင်ရာပစ္စည်းများ မရောင်းချခဲ့ဟု စင်ကာပူပြော

စင်ကာပူအစိုးရဟာ မကြာသေးမီနှစ်များအတွင်းက မြန်မာစစ်တပ်ထံ မည်သည့်စစ်ဘက်ဆိုင်ရာရောင်းချမှုကိုမျှ ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ နိုင်ငံခြားရေး ဗီဗီယန်ဘလာခရစ်ရှ်နန်က ဇူလိုင် ၃ ရက်မှာ လွှတ်တော်မှာ ပြောပါတယ်။ စင်ကာပူအစိုးရဟာ မြန်မာစစ်တပ်ထံ စစ်လက်နက်များနဲ့ နှစ်မျိုးသုံးကုန်ပစ္စည်းများကို လွှဲပြောင်းရောင်းချခြင်းကို ၎င်းတို့ရဲ့ မူဝါဒနှင့်အညီ တားမြစ်ပိတ်ပင်ထားပြီး အဲဒီမူဝါဒကို ချိုးဖောက်တဲ့ မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမဆို အရေးယူသွားဖို့ နှောင့်နှေးနေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီ စင်ကာပူရဲ့ ကတိကဝတ်ဟာ အပြုသဘောဆောင်ပေမယ့် ပိုမိုအားစိုက်လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။

(စင်ကာပူနိုင်ငံခြား​ရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်ကို စင်ကာပူလွှတ်​တော်အတွင်း​တွေ့ရစဥ်။ ဓါတ်ပုံ-စင်ကာပူMOFA)
(စင်ကာပူနိုင်ငံခြား​ရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်ကို စင်ကာပူလွှတ်​တော်အတွင်း​တွေ့ရစဥ်။ ဓါတ်ပုံ-စင်ကာပူMOFA)

▪️တနင်္သာရီနဲ့ မြိတ်မှာ စစ်ကောင်စီတပ် နှစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခံရ

တနင်္သာရီနဲ့ မြိတ်မြို့နယ်များမှာ စစ်ကောင်စီတပ်ကို နှစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ Southern Warriors Defense Force-SWDF(တနင်္သာရီ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂ ရက် မနက်ပိုင်းက တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ(၅၆၁) တပ်ရင်းမှ သိန္ဓောကျေးရွာ ဘက်သို့ထွက်လာတဲ့ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို တနင်္သာရီ-ပကဖအဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် နေ့ခင်းဘက်မှာလည်း ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအများပြားရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ဇူလိုင် ၄ ရက်နေ့ခင်းမှာ မြိတ်မြို့နယ် တုန်းဗျောကြီးရွာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပျူစောထီးများ တပ်စွဲထားတဲ့ တပ်စခန်းကို ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ငါးဦးအထက် ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

(မြိတ်နယ် တုန်းဗျောရွာတွင်တပ်စွဲထားသော စစ်တပ်အထိုင်ချနေရာအား ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့စဥ်)
(မြိတ်နယ် တုန်းဗျောရွာတွင်တပ်စွဲထားသော စစ်တပ်အထိုင်ချနေရာအား ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့စဥ်)

▪️နယ်စပ်ပို့ကုန်လုပ်ငန်းများကို စစ်ကောင်စီ ထပ်မံကန့်သတ်

နယ်စပ်မှ ပို့ကုန်တင်ပို့တဲ့ ပို့ကုန်ကုမ္ပဏီများကို သက်တမ်း သုံးနှစ်အောက်ရှိပါက ပို့ကုန်တန်ဖိုးရဲ့ ၃၅ ရာခိုင်နှုန်းနဲ့ သက်တမ်း သုံးနှစ်အထက်ရှိပါက ၂၀ ရာခိုင်နှုန်းကို အပေါင်တင်ထားရမယ်လို့ အာဏာသိမ်း စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။ ပို့ကုန်ဝင်ငွေများ ပြန်လည်ဝင်ရောက်လာမှသာ အ​ပေါင်တင်ထား​သောငွေ(စစ်​ကောင်စီက အာမခံ​​ကြေးဟုသုံးနှုန်းထား)များကို ပြန်လည်ထုတ်ပေးမှာ ဖြစ်ပြီး ပို့ကုန်ဝင်ငွေပြန်လည် မရောက်လာပါက ထိုငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမယ်လို့ ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။ အင်မတန်တင်းကျပ်တဲ့ မူဝါဒဖြစ်ပြီး ကုန်သည်တွေကို လည်ပင်းညှစ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

(မြန်မာ-တရုတ်နယ်စပ်အဓိကနယ်စပ်ကုန်သွယ်​ရေးစခန်းဖြစ်​သောမူဆယ်ကုန်သွယ်​ရေးဇုန်တွင် ရပ်ထား​သော တရုတ်သို့ပို့ကုန်များတင်ပို့မည့်ကုန်တင်ကားများ/ပုံအ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-CJ)
(မြန်မာ-တရုတ်နယ်စပ်အဓိကနယ်စပ်ကုန်သွယ်​ရေးစခန်းဖြစ်​သောမူဆယ်ကုန်သွယ်​ရေးဇုန်တွင် ရပ်ထား​သော တရုတ်သို့ပို့ကုန်များတင်ပို့မည့်ကုန်တင်ကားများ/ပုံအ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-CJ)

▪️မန္တလေး PDF တပ်ဖွဲ့ဝင်များကို အခြေခံနိုင်ငံရေး အသိပညာသင်တန်းနဲ့ အုပ်ချုပ်စီမံမှု၊ နိုင်ငံရေးစွမ်းရည်မြှင့် သင်တန်းများပို့ချ

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များကို အခြေခံ နိုင်ငံရေးအသိပညာသင်တန်းများပေးအပ်ခဲ့ရာ တပ်ရင်းအလိုက် သုံးရက်စီ သင်ကြားပို့ချခဲ့တယ်လို့ မန္တလေး PDF စစ်ဦးစီးအဖွဲ့က ဒီနေ့ ထုတ်ပြန်အသိပေးပါတယ်။ မန္တလေး PDF အရာရှိများကို အုပ်ချုပ်စီမံမှု၊ ခေါင်းဆောင်မှုနဲ့ နိုင်ငံရေးအသိပညာများ တိုးမြင့်စေရေးအတွက် (၄၅)ရက်တာ အုပ်ချုပ်စီမံမှုနဲ့ နိုင်ငံရေးစွမ်းရည်မြှင့် သင်တန်းများ သင်ကြားပို့ချခဲ့ရာ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီလို့ ဖော်ပြပါတယ်။ ပြည်သူ့ခုခံတော်လှန်စစ်မှာ ပါဝင်တော်လှန်နေကြတဲ့ စစ်သည်တော်များကို “နိုင်ငံရေး အသိပညာနှင့် ကျင့်ဝတ်”တည်းဟူသော ချွန်းနဲ့ အုပ်မိုးကာ လှုပ်ရှား တိုက်ပွဲဝင်နိုင်စေရေး လုပ်ငန်းဟာ အင်မတန် အရေးတကြီး လိုအပ်တဲ့ လုပ်ငန်းစဉ်ကြီး တစ်ရပ်အဖြစ် အခိုင်အမာယုံကြည်တယ်လို့ ဆိုပါတယ်။

▪️ချောင်းဦးမြို့နယ်တိုက်ပွဲ PDF ရဲဘော်သုံးဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ပျူစောထီးကျေးရွာနှစ်ရွာကို ဝင်တိုက်နေချိန် စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း နှစ်ခုနဲ့ တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော် သုံးဦးကျဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်- CRAအဖွဲ့ တာဝန်ခံကပြောပါတယ်။ စစ်အုပ်စုဘက်ကလည်း သုံးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ လေကြောင်းမှ ပစ်ကူရယူခဲ့ပြီး ဝယာအုပ်စုအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

(စစ်ကောင်စီတပ်က ဝယာအုပ်စုအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီး‌နေသည်ကို အဝေးမှမြင်တွေ့ရစဥ်။ ဓာတ်ပုံ-Chaung U Revolution)
(စစ်ကောင်စီတပ်က ဝယာအုပ်စုအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီး‌နေသည်ကို အဝေးမှမြင်တွေ့ရစဥ်။ ဓာတ်ပုံ-Chaung U Revolution)

▪️ဝက်လက်နယ် သမားရိုးရွာမှာ စျေးသည်ခုနစ်ဦးကို စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ သမားရိုးကျေးရွာမှာ စစ်ကောင်စီတပ်က စျေးသည်ခုနစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်သား အင်အား ၆ဝခန့်နဲ့ ခြေလျင်စစ်ကြောင်းထိုးပြီး သမားရိုးရွာသို့ ဝင်ရောက်ကာ အမျိုးသား သုံးဦး၊ အမျိုးသမီး လေးဦးကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ Wetlet Informational Network အဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ် သတ်ဖြတ်ခံရသူများမှာ သမားရိုးကျေးရွာမှ အသက်(၅၀)ခန့် ဒေါ်နှင်းလှိုင်၊ (၄၀)ခန့်အရွယ် ဒေါ်အေးနုဝင်းနဲ့ ဒေါ်မွေလီ၊ (၅၀)အရွယ် ဦးဖိုးလွင်၊ (၆၀)အရွယ် ဦးသိန်းလှိုင်၊ (၃၀)အရွယ် ကိုဝေမိုးနဲ့ ကူးတို့ကိုင်းရွာမှ (၄၀) ခန့်အရွယ်ဒေါ်ဖြူတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူ ခြောက်ဦးမှာ လက်နက်ငယ်ထိမှန်ထားပြီး ရွာသား ၁၄ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကာ ၁၃ ကို ပြန်လွှတ်ပေးပြီး တစ်ဦးဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။