Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီကလိုင်ဇာမြို့ကိုပစ်ခတ်​သောလက်နက်ကြီးတရုတ်ဘက်သို့ကျရောက်ပေါက်ကွဲ

နမ့်ဆန်ယာန်ဒေသို့စစ်ကောင်စီတပ်ကအင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

(စစ်​ကောင်စီ၏ လက်နက်ကြီးတပ်ဖွဲ့ဝင်အချို့ ။ ပုံအ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီ၏ လက်နက်ကြီးတပ်ဖွဲ့ဝင်အချို့ ။ ပုံအ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-စစ်​ကောင်စီ)

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြိုပေါ်သို့ စစ်ကောင်စီတပ်က ယမန်နေ့ညတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်တစ်လုံး တရုတ်နိုင်ငံဘက်သို့ကျရောက်ပေါက်ကွဲခဲ့ကြောင်းကချင်ဒေသစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဇူလိုင် ၁၄ရက်ည ၁၀ နာရီ ၅၃ မိနစ်တွင် စစ်ကောင်စီတပ်က မြို့ကိုပစ်မှတ်ထား တိုက်ခိုက် လာခြင်းဖြစ်သည်ဟုသိရသည်။

“တစ်လုံးတရုတ်ဘက်ကျတယ်။ လိုင်ဇာမြို့ကိုပစ်တာကျော်သွားတယ်။ အဝေးက လှမ်းပစ်တာ” ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လိုင်ဇာမြို့ကို လက်နက်ကြီး ပစ်ခတ်လာမှုနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း စစ်တပ်ပစ်ခတ်​သောလက်နက်ကြီး တရုတ်နိုင်ငံဘက်ခြမ်းသို့ကျ​ရောက်သည်မှာ မှန်ကန်ပြီး ၃ လုံးဖြစ်ကာ ၊ ​၁၂၀ မမ ဖြစ်နိုင်ပြီးလက်နက်ကြီးမှာ လေကာပါဝင်​ကြောင်း​ပြောသည်။

လိုင်ဇာနှင့်နီးသည့် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယာန် ဒေသတွင် ဇူလိုင်လဆန်းမှစ၍ တိုက်ပွဲများ စတင်ခဲ့ပြီး နမ့်ဆန်ယာန်နှင့် ဆက်စပ်ဒေသများ၌ တိုက်ပွဲများနေ့စဉ်နီးပါး ပြင်းထန်လျက်ရှိသည်။ စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် နမ့်ဆန်ယာန်ဒေသကိုသာမက တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မိုင်ဆက်ပါဒေသသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

နမ့်ဆန်ယာန်ဒေသို့စစ်ကောင်စီတပ်ကအင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။