Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဇူလိုင် ၁၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်တပ်အပေါ် ပိုမိုအားကောင်းတဲ့ နောက်ထပ်ဆုံးဖြတ်ချက်အဆိုတစ်ခု ထပ်မံချမှတ်ဖို့ ကုလလုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီး တိုက်တွန်း

မြန်မာစစ်တပ်ကျူးလွန်နေမှုများ ရပ်တန့်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိုမိုအားကောင်းသော နောက်ထပ်ဆုံးဖြတ်ချက်အဆိုတစ်ခု ထပ်မံချမှတ်ဖို့ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။ မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ‘အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး: ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု’ နဲ့ပတ်သက်လို့ Open Debate ကျင်းပပြုလုပ်ရာ မြန်မာသံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့ပြီး အဲဒီ ပိုမိုအားကောင်းသော မြန်မာ့အရေး ဆုံးဖြတ်ချက်အဆိုကို အချိန်နှင့်တပြေးညီ ချမှတ်နိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းတဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို မဆိုင်းမတွဘဲ အခုပင် စတင်လုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုပါတယ်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များ အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားရာ နေရာဒေသများမှာ မှီတည်းနေထိုင်သူများဟာ စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်ပေးခြင်းမှ အကာအကွယ်ရရှိဖို့ အထူးလိုအပ်နေပြီး ရှင်ကျန်ရစ်သူများလည်း တရားမျှတမှုရရှိဖို့ ထိုက်တန်တယ်လို့ သံအမတ်ကြီးက ကောင်စီသို့ အစီရင်ခံပါတယ်။ မြန်မာပြည်သူများအဖို့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်များဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး လက်သင့်ခံနိုင်ခြင်းလည်း မရှိဘူးလို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

(မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း​ဆွေး​နွေး​ပြောကြား​နေစဥ်။ဓါတ်ပုံ-PMOMTTUN)
(မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း​ဆွေး​နွေး​ပြောကြား​နေစဥ်။ဓါတ်ပုံ-PMOMTTUN)

▪︎ကန်ပက်လက်မြို့ပေါ် မှာ တပ်စွဲထား​တဲ့ စစ်​ကောင်စီတပ်ကို CDF/PDF ပူးပေါင်းတပ် တိုက်ခိုက်

ချင်းပြည်နယ် ကန်ပက်လက်မြို့မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်များကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-ကန်ပက်လက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ညောင်ဦးခရိုင် တပ်ရင်း(၂)(ညောင်ရမ်းတပ်ဖွဲ့)တို့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်​သေဆုံးမှုရှိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူများက ​ပြောပါတယ်။ ဇူလိုင် ၁၃ ရက်က လက်နက်ကြီး ရှော့တိုက်ဒုံး ဒရုန်းဗုံးသီးများ၊ လက်နက်ငယ်များနဲ့ တိုက်ခိုက်ခဲ့တာလို့ ညောင်ရမ်းတပ်ဖွဲ့က အသိပေးထားပါတယ်။ နာရီဝက်ကြာတိုက်ပွဲဖြစ်ပွားပြီး ကျည်မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပေမယ့် စစ်ကောင်စီတပ်မှ အကျအဆုံးရှိတယ်လို့ ထုတ်ပြန်ပါတယ်။

(CDF နှင့် PDF ပူး​ပေါင်းတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-​ညောင်းရမ်းတပ်ဖွဲ့)
(CDF နှင့် PDF ပူး​ပေါင်းတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-​ညောင်းရမ်းတပ်ဖွဲ့)

▪︎လာရှိုးမြို့မစျေးရွှေဆိုင်ရှေ့ ဗုံး​ပေါက်ကွဲ၊ လူထိခိုက်မှုရှိ

ရှင်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဒီနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်မှုရှိတယ်လို့ ​ဒေသခံများကပြောပါတယ်။ လားရှိုးမြို့မစျေးရှိ ‘ဇွဲထက်’ ရွှေဆိုင်ရှေ့ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး ကူညီကယ်ဆယ်ရေးအသင်းတွေရဲ့ အဆိုအရ ဗုံးပေါက်ကွဲမှုကြောင့် ၁၂ ဦးဒဏ်ရာရခဲ့ကာ နှစ်ဦးမှာ စိုးရိမ်ရတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေထဲမှာ ရွှေဆိုင်ဧည့်ကြိုဝန်ထမ်းတွေနဲ့ ဆိုင်ကယ်ရပ်နားရာနေရာ အစောင့်ဝန်ထမ်းတွေပါတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ ဇွဲထက်ရွှေဆိုင်ရှေ့ဗုံးပေါက်ပြီး လူ ၁၂ ဦး ဒဏ်ရာရ၊ ၂ဦးစိုးရိမ်ရ
လားရှိုးမြို့ ဇွဲထက်ရွှေဆိုင်ရှေ့ဗုံးပေါက်ပြီး လူ ၁၂ ဦး ဒဏ်ရာရ၊ ၂ဦးစိုးရိမ်ရ

▪︎ပေါင်းတည်မြို့နယ်သို့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိကျေးရွာများသို့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို မနေ့က တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဆုံးတယ်လို့ ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၅) PPDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ပေါင်းတည်မြို့နယ်နက်ကန်ကျေးရွာဘက်မှ ပဲခူးရိုးမအစပ်သို့ဦးတည်ကာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၄၅ ဦးခန့်ပါ စစ်ကောင်စီတပ်ကို လမ်းကနေ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ နေ့ခင်းဘက်မှာလည်း အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ တော်လှန်ရေးရဲဘော်က ပြောပါတယ်။

(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ပေါင်းတည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်​ကြောင်းကို တွေ့ရစဥ်။ဓါတ်ပုံ-PPDF)
(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ပေါင်းတည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်​ကြောင်းကို တွေ့ရစဥ်။ဓါတ်ပုံ-PPDF)

▪︎ထီးချိုင့်နယ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာ တိုက်ပွဲဖြစ်၊စစ်​ကောင်စီတပ်က ​ရွာနှစ်ရွာကို မီးရှို့

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကျေးရွာအချို့မှာ တိုက်ပွဲများဖြစ်ပွား​နေပြီး စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံများကပြောပါတယ်။ ထီးချိုင့်မြို့နယ် လှည်းကူး၊ ကြို့ကုန်း၊ ကျွဲတဲကုန်း၊ တုံးပုံရွာသစ် ကျေးရွာတို့မှာ စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေပြီး မနေ့ ညနေပိုင်းက ကျွဲတဲကုန်းရွာအနီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မနက်မှာတော့ ကျွဲတဲကုန်းရွာကို မီးရှို့ခဲ့ပြီး မနေ့ကလည်း တုံးပုံရွာသစ်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ထီးချိုင့် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-TPDF)
(ထီးချိုင့် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-TPDF)

▪︎တန့်ဆည်ရှိ ရွာသုံးရွာကို စစ်​ကောင်စီတပ်က Mi-35 ရဟတ်ယာဥ်တစ်စီးနဲ့ ပစ်ခတ်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကျေးရွာသုံးရွာကို မုံရွာ(နမခ)မှ တက်လာတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစ်စီးက ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့Mi-35 ရဟတ်ယာဥ်တစ်စီးဟာ တန့်ဆည်မြို့နယ် သပြေရင်းရွာ၊ ပဲခင်းကြီးရွာနဲ့ ခရမ်းခြံရွာ စတဲ့ရွာများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ ရေဦးနယ်အခြေစိုက် People Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး မြေပြင်ထိခိုက်မှုအခြေအနေကို လတ်တလောမသိရသေးပါဘူး။

(စစ်​ကောင်စီ ၏ Mi-35 ရဟတ်ယာဥ်တစ်စီး/ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ ၏ Mi-35 ရဟတ်ယာဥ်တစ်စီး/ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)

▪︎မုံရွာ စစ်တပ်ဂိတ်အနီးရှိ အိမ်တစ်လုံးအနုကြမ်းစီးခံရပြီး ကျပ်သိန်းငါးရာကျော်နဲ့ ရွှေထည်များပါသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီဂိတ်အနီးရှိ နေအိမ်တစ်လုံး မ​နေ့က အနုကြမ်းစီးခံရပြီး ငွေကျပ်သိန်းငါးရာကျော်နဲ့ ရွှေထည်များပါသွားတယ်လို့ မြို့ခံများကပြောပါတယ်။ မနေ့ နေ့ခင်းက မုံရွာမြို့၊ မုံရွာပညာရေးကောလိပ် သာစည်လမ်းအရှေ့ဘက် စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ကိုက် ၂၀၀ ခန့် အကွာ နေအိမ်တစ်အိမ် ဓားပြတိုက်ခံခဲ့ရပြီး သေနတ်နှစ်လက်၊ ဓားနှစ်ချောင်းကိုင်ဆောင်ထားတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာကာ အနုကြမ်းစီးသွားတာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဂိတ်နဲ့ မနီးမဝေးမှာ ဖြစ်ပွားခဲ့တာဖြစ်လို့ စစ်အုပ်စုရဲ့ အပေါင်းအပါများက ပြုလုပ်သွားတာလို့ မြို့ခံတွေက ပြောပါတယ်။

▪︎အရက်မူးနေတဲ့ စစ်ကောင်စီတပ်က ရှိမ်းမကားရွာကိုထပ်မံ မီးရှို့၊ နေအိမ်နဲ့ ​ဈေးဆိုင် ၄၀ နီးပါး မီးလောင်ပြာကျ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာ ရဲစခန်းမှာ တပ်စွဲထား​တဲ့ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ စျေးဆိုင်ခန်းများနဲ့ လူနေအိမ် စုစုပေါင်း ၄၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့ ညပိုင်းက ဝက်လက်မြို့နယ်အရှေ့ခြမ်း ရှိမ်းမကားရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်သားများဟာ အရက်သေစာများ သောက်စားပြီး စက်သေနတ်များ၊ လက်နက်ကြီးများ၊ လက်နက်ငယ်များနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံများက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ရှိမ်းမကားရဲစခန်းမှာ တပ်စွဲထားပြီး နေ့အချိန်မှာ မထွက်ရဲဘဲ ညအချိန်မှာ လက်နက်ကြီးများနဲံ ရမ်းသန်း ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံများက ပြောပါတယ်။

(စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် ရှိမ်းမကားရွာဈေးနှင့် ​နေအိမ်များကို​တွေ့ရစဥ်။ ဓာတ်ပုံ- Wetlet Informational Network)
(စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် ရှိမ်းမကားရွာဈေးနှင့် ​နေအိမ်များကို​တွေ့ရစဥ်။ ဓာတ်ပုံ- Wetlet Informational Network)