Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဗန်းမော်‌မှ နမ့်ဆန်ယာန်စစ်ကူလာတဲ့ စစ်ကောင်စီယာဉ်တန်း KIA မိုင်းခွဲတိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယာန်ဒေသတိုက်ပွဲသို့ စစ်ကူလာတဲ့ စစ်ကောင်စီယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီနေ့မနက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိခဲ့တယ်လို့ ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဗန်းမော်မှ နမ့်ဆန်ယာန်သို့လာတဲ့ စစ်ကူယာဉ် လေးစီးကို တိုက်ခိုက်ခဲ့ရာ ယာဥ်တစ်စီး ပျက်စီးသွားတယ်လို့ဆိုပါတယ်။ ဇူလိုင်လဆန်းကတည်းက တိုက်ပွဲဖြစ်ပွားနေတဲ့ နမ့်ဆန်ယာန်ဒေသသို့ စစ်ကောင်စီတပ်က မြစ်ကြီးနားဘက်မှလည်းကောင်း၊ ဗန်းမော်ဘက်မှလည်းကောင်း စစ်အင်အားများဖြည့်တင်းလျက်ရှိရာ မြစ်ကြီးနား ဗန်းမော်လမ်းမှာ တိုက်ပွဲများ နေ့စဉ်နီးပါးနေပါတယ်။

(KIA တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်ကောင်စီယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(KIA တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်ကောင်စီယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️စစ်ကောင်စီစစ်ကြောင်းကို လေးရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များဟု ကြာအင်းဆိပ်ကြီး ပကဖ ပြော

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီမြို့နယ် ကွီလုံတိုင်ရှေ့တန်းကင်းစခန်းမှပြန်လာတဲ့ အကြမ်းဘက်စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ကြာအင်းဆိပ်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ခမရ(၄၃၂)နဲ့ ခမရ(၅၅၈) တပ်ရင်းတို့မှ ပူးပေါင်းအင်အား ၁၁၅ ဦးပါ စစ်ကြောင်းကို KNLA တပ်မဟာ(၆) ပူးပေါင်းတပ်များက ဇူလိုင် ၁၁ မှ ၁၄ ရက်အထိ လေးရက်ဆက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်မှ အရာရှိ အပါအဝင် ၅၀ ဦးခန့်သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကြာအင်းဆိပ်ကြီး ပကဖက ထုတ်ပြန်ပါတယ်။

(Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီရုံးများတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-Federal Wings)
(Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီရုံးများတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-Federal Wings)

▪️ဆိပ်ဖြူတိုက်ပွဲ ကပစ(၂၁)စစ်ကြောင်းမှ သုံးဦးသေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ အမှတ်(၂၁) ကာကွယ်ရေးပစ္စည်း စက်ရုံ -ကပစ(၂၁) စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ထုတ်ပြန်ပါတယ်။ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာနဲ့ ကျောင်းရွာကျေးရွာကြား ဇူလိုင် ၁၃ ရက်က တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။ PDF ပခုက္ကူခရိုင်၊ အမှတ်(၁၉) တပ်ရင်းနဲ့ ရန်သူ့စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်သူ့တပ်သား သုံးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

(မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)

▪️ဟားခါးအခြေစိုက် ခလရ(၂၆၆)တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်လာ

ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက်သည့် အမှတ်(၂၆၆)ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာတယ်လို့ ဟားခါးမြို့နယ်ချင်းကာကွယ်ရေးတပ်(CDF)က ချင်းဘာသာဖြင့် မနေညနေပိုင်းက သတင်းထုတ်ပြန်ပါတယ်။ ခလရ(၂၆၆)တပ်မှ တပ်သားတစ်ဦးဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိလို့ MA-1 သေနတ်တစ်လက်၊ကျည်အိမ် လေးခု၊ကျည်ဆံ ၁၂၆ တောင့်နှင့်အတူ အလင်းဝင်လာတာလို့ The Chin Journal က မြန်မာဘာသာဖြင့် ဖော်ပြပါတ​ယ်။ အဲဒီလို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ပေးအပ်ချီးမြှင့်ကာ လုံခြုံတဲ့နေရာ ပို့ဆောင်ပေးခဲ့တယ်လို့ ဟားခါး CDFက အသိပေးပါတယ်။

ဟားခါးအခြေစိုက် ခလရ(၂၆၆)တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်လာ
ဟားခါးအခြေစိုက် ခလရ(၂၆၆)တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်လာ

▪️ညောင်ကုန်းရွာ​လေ​ကြောင်းတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရ​သူများကို PDFများကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေး

အရပ်သားပြည်သူ ၁၀ ဦး‌သေဆုံးခဲ့တဲ့ ပုလဲမြို့နယ် ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရရှိသူများကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၂ မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက် ညနေပိုင်းက ညောင်ကုန်းကျေးရွာနဲ့ ချင်ပြစ်ကျေးရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်မှာ ယင်းမာပင်ခရိုင်တပ်ရင်း ၁၂ မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက ညောင်ကုန်းရွာသို့ သွားရောက်ကာကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြတယ်လို့ တပ်ရေးဗိုလ်ကိုမောင်က ပြောပါတယ်။

▪️မြန်မာ့အရေးအပေါ် အမေရိကန်ရဲ့ သန္နိဋ္ဌာန် စကားလုံးသက်သက်ထက်ပိုတယ်လို့ သံရုံးအကြီးအကဲအသစ် ပြော

မြန်မာပြည်သူများအတွက် လူ့အခွင့်အရေးများကို အကာအကွယ်ပေးပြီး မတရားဖမ်းဆီးခံထားရသူအားလုံး ပြန်လည်လွတ်မြောက်ကာ အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ခုကို အမေရိကန်က ခိုင်မာစွာ ထောက်ခံအားပေးတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးအကြီးအကဲအသစ်က မနေ့က ပြောပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ သန္နိဋ္ဌာန်ဟာ စကားလုံးသက်သက်ထက်ပိုကြောင်းနဲ့ စစ်အာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးဖို့နဲ့ ပြစ်မှုကျူးလွန်သူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတကာက ကြိုးပမ်းအားထုတ်နေမှုတွေမှာ အမေရိကန်က ရှေ့ဆုံးမှ ပါဝင်တယ်လို့ သံရုံးအကြီးအကဲအသစ်က အသိပေးပါတယ်။ မြန်မာပြည်သူတွေရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ သူရသတ္တိကို အမေရိကန်က အသိအမှတ် ပြုပြီး အခြေခံကျတဲ့အခွင့်အရေးတွေနဲ့ စစ်မှန်တဲ့ဒီမိုကရေစီအနာဂါတ်ကိုလိုလားတောင့်တနေကြတဲ့ မြန်မာပြည်သူများကို အားပေးထောက်ခံရင်း အမေရိကန်သံရုံးက မြန်မာပြည်သူများဘက်က ဆက်လက်ရှိနေပါမယ်လို့ ထပ်လောင်းကတိပြုပါတယ်။

▪️မြင်းမူနယ်မှာ တပ်မ(၃၃)မှ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်သို့ အင်အားဖြည့်ပြီး ပြန်လာတဲ့ တပ်မ(၃၃)မှ စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်းများနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force MNRF အဖွဲ့ခေါင်းဆောင် ကိုမိုးညိုက ပြောပါတယ်။ မနေ့ ညပိုင်းက စစ်ကိုင်း – မုံရွာလမ်းပိုင်းပေါ် ထီးဆောင်းနဲ့ ကန်ဖျားဇရပ်ကြားမှာ စစ်ကောင်စီရဲ့ လေးစီးပါယာဥ်တန်းအနက် ရှေ့ဆုံးနှစ်စီးကို မိုင်း ၁၀ လုံးဖြင့် တိုက်ခိုက်ခဲ့တာလို့ Moe Nyo Revolution Force MNRFအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုများရှိနိုင်ပေမယ့် အတိအကျတော့ မသိရသေးပါဘူး။

(မုံရွာ - မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်များအား ပြီးခဲ့သည့် ၂၀၂၂ အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်များအား ပြီးခဲ့သည့် ၂၀၂၂ အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ – CJ)