ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့ကြား ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းကို မနက်ဖြန် ဇူလိုင် ၂၇ ရက်က စတင်ပြီး အသွားအလာမပြုလုပ်ကြဖို့ KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) အမှတ် ၃ တပ်ရင်းက စာထုတ်လိုက်ပါတယ်။
အဲဒီကားလမ်းပိုင်းမှာစစ်ကောင်စီတပ်က လူထုကို အကာအကွယ်ယူပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေလို့ စာထုတ်တာလို့ ဆိုထားပါတယ်။
![ကျောက်ကြီးနဲ့နတ်သံကွင်းကြားလမ်းပိုင်းကို အသွားအလာမလုပ်ဖို့ KNDO စာထုတ်](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/07/362945668_621345613397568_308542108994240131_n.jpg?resize=509%2C382&ssl=1)
ဒါကြောင့် မနက်ဖြန် ကစတင်ပြီး ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့ကြား ကားလမ်းပိုင်းမှာ သွားလာတာမလုပ်ကြဖို့ ၊ ကားလမ်းဘေးက ရွာတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ည၆ နာရီကနေ နောက်နေ့ မနက် ၆ နာရီအတွင်း အသွားအလာမလုပ်ကြဖို့ KNDO ရဲ့စာမှာတားမြစ်ထားပါတယ်။
အရေးပေါ် သွားလာဖို့ လိုအပ်ရင် ကြိုတင်အကြောင်းကြားဖို့ကိုလည်း ဆိုထားပါတယ်။
အခုလို တားမြစ်ချက်ဟာ ပြန်လည်မရုတ်သိမ်း သမျှကာလပတ်လုံး အတည်ဖြစ်တယ်လို့လည်း KNDO ရဲ့ ထုတ်ပြန်တဲ့စာမှာဖော်ပြထားပါတယ်။
ညောင်လေးပင်ခရိုင်ဟာ KNU တပ်မဟာ ၃ လှုပ်ရှားရာနယ်မြေလည်းဖြစ်ပါတယ်။
လတ်တလောမှာလည်း ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNU ၊ PDF ပူးပေါင်းတပ်တွေကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားတာတွေရှိနေပါတယ်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)