Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ကျပ်နှစ်သောင်းတန်ငွေစက္ကူများကိုတရားမဝင်ငွေကြေးဟု NUG ကြားကာလဗဟိုဘဏ်ထုတ်ပြန်

စစ်ကောင်စီ၏ ငွေစက္ကူအသစ်ရိုက်နှိပ်သည့် ဂယက်ကြောင့် ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များအပါအဝင် စက်သုံးဆီဈေး၊ ရွှေဈေးနှင့်ဒေါ်လာဈေးများ တရှိန်ထိုးမြှင့်တက်ခဲ့သည်။

(NUG ​ကြေညာချက်နှင့် စစ်​ကောင်စီထုတ်​ဝေမည့် ၂၀၀၀၀ကျပ်တန်)
(NUG ​ကြေညာချက်နှင့် စစ်​ကောင်စီထုတ်​ဝေမည့် ၂၀၀၀၀ကျပ်တန်)

▪︎စစ်ကောင်စီရိုက်နှိပ်မည့် နှစ်သောင်းတန် ပမာဏမှ ကျပ် ဘီလီယံ ၁၅၀ မှ ၁၃၀၀ အထိရှိနိုင်ဟုဗဟိုဘဏ်ဝန်ထမ်း​ဟောင်းတစ်ဦး ခန့်မှန်း

▪︎နှစ်​သောင်းတန် ဂယက်​ကြောင့် ကုန်​ဈေးနှုန်းများတက်

စစ်ကောင်စီထုတ်ဝေမည့် ကျပ်နှစ်သောင်းတန်ငွေစက္ကူများကို တရားမဝင်ငွေစက္ကူအဖြစ်သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့က ယနေ့ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီသည် ၎င်းတို့သက်ဆိုးရှည်စေရရန်နှင့် ပြည်သူလူထုအပေါ် ရက်စက်စွာဆင်နွှဲနေသည့် အကြမ်းဖက်မှုများကျုးလွန်ရန် ဘဏ္ဍာရန်ပုံငွေအတွက် ငွေကျပ် နှစ်သောင်းတန်ကို ရိုက်နှိပ်ခြင်းဖြစ်သည်ဟု ​ဖော်ပြထားသည်။

ထိုကြောင့် စစ်ကောင်စီထုတ်ဝေမည့် ငွေစက္ကူအမျိုးအစားကို NUG နှင့် ၎င်းကိုဆက်ခံမည့်အစိုးရများကအသိအမှတ်ပြုမဟုတ်ကြောင်းနှင့် မတရားမဝင်ငွေကြေးအဖြစ်သတ်မှတ်ကြောင်း ရှင်းလင်းအသိ​ပေးထားသည်။

စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံအဖွဲ့အစည်းတို့က ငွေစက္ကူအမျိုးအစားအသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် တရားဝင်မှုမရှိသည့် လုပ်ရပ်ဖြစ်သည်ဟုလည်းပါရှိသည်။

တရားမဝင်ငွေစက္ကူများရိုက်နှိပ်ထုတ်ဝေခြင်းသည်ငွေကြေးဖောင်းပွမှုကိုဖြစ်စေပြီး ပြည်သူများ၏လုပ်အားနှင့်ချွေးနှဲစာစုဆောင်းငွေများကို ခိုးယူခြင်းပင်ဖြစ်သည်ဟုလည်း​ဖော်ပြထားသည်။

စစ်ကောင်စီ၏ အဆင်ခြင်မဲ့လုပ်ရပ်များကြောင့် ပဋိပက္ခအန္တရာယ်များ၊ ဆင်းရဲမွဲတေမှုနှင့် ကပ်ရောဂါများ စုပြုံခံစားနေရချိန်တွင် ငွေစက္ကုအသစ်ရိုက်နှိမ်ထုတ်ဝေခြင်းသည် အိမ်ထောင်စုများ၊ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှပ်နှံသူများနှင့် ပြည်သူလုထုအပေါ် ဒုက္ခအကျပ်အတည်းများ ဆိုက်ရောက်စေသည်ဟုလည်းဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ကျပ်နှစ်သောင်းတန်ငွေစက္ကူများကို ဇူလိုင် ၃၁ ရက်တွင်စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်တွင်ထုတ်သည်။ ထုတ်​ဝေရာတွင်လည်း နိုင်ငံအတွင်း လည့်ပတ်သုံးစွဲနေသည့် ဟောင်းနွမ်းငွေစက္ကူများနေရာတွင် အစားထိုးရန် အကန့်အသတ်ဖြင့်ထုတ်ဝေမည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်ကဆိုသည်။

ဗဟိုဘဏ်ဝန်ထမ်းဟောင်းတစ်ဦးကမူ ဟောင်းနွမ်းငွေစက္ကူများ အစားထိုးရန် ငွေစက္ကူအသစ်ရိုက်နှိပ်လျှင် ဘီလီယံ ၁၅၀ ခန့် အထိ့ရှိနိုင်သော်လည်း စစ်ကောင်စီဘတ်ဂျတ်လိုငွေကြီးမားနေခြင်းကို ကာမိရန်အတွက် အနည်းဆုံးကျပ်ဘီလီယံ ၁၃၀၀ ခန့်ရိုက်နှိပ်နိုင်သည်ဟုခန့်မှန်းပြောကြားသည်။

“ဟောင်းနွမ်းငွေစက္ကူတွေအစားထိုးဖို့ ငွေစက္ကူအသစ်ရိုက်စရာမလိုဘူးလေ။ ရှိပြီးသားငွေစက္ကူကို ရိုက်နှိပ်ရမှာ။ ဗဟိုဘဏ်က အရပ်စားအစိုးရလက်ထက်ကတည်းတစ်နှစ်ကို ငွေစက္ကူဟောင်းတေ ကျပ် ဘီလီယံ ၁၅၀လောက် ဖျက်ဆီးနေရတာ”ဟု ၎င်းကဆိုသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့်အရပ်သားအစိုးရလက်ထက်နောက်ဆုံးဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ဟောင်းနွမ်းငွေစက္ကူ ကျပ်ဘီလီယံ ၁၄၀ ကိုဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီဗဟိုဘဏ်ကထုတ်ပြန်ထားသောစာရင်းများတွင်ဖော်ပြထားသည်။

စစ်ကောင်စီ၏ ငွေစက္ကူအသစ်ရိုက်နှိပ်သည့် ဂယက်ကြောင့် ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များအပါအဝင် စက်သုံးဆီဈေး၊ ရွှေဈေးနှင့်ဒေါ်လာဈေးများ တရှိန်ထိုးမြှင့်တက်ခဲ့သည်။

“ကုန်စျေးနူန်းတွေကအရမ်းတက်နေပြီ ရတဲ့လစာနဲဘယ်လိုမှမဆင်မပြေကြတော့ဘူး”ဟုပြည်သူတစ်ဦးက​ပြောသည်။