Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်၊ ကသိုဏ်းတောင်တပ်စစ်စခန်းကို KIA/PDF ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်၊လက်နက်ခဲယမ်းများရ

စစ်ကောင်စီက ဇူလိုင်လဆန်းတွင် KIO/KIA ဌာနချုပ် နယ်မြေနှင့်နီးစသည့် နမ်ဆန်ယန်ဒေသသို့ ထိုးစစ်ဆင်လာပြီးနောက် ဇူလိုင်လကုန်ပိုင်းမှစ၍ KIAကလည်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေသည်။

(KIA တပ်ဖွဲ့ဝင်များ (ပုံအ​ဟောင်း)နှင့် KIA/PDF ပူး​ပေါင်းတပ်ကသိမ်းပိုက်ခဲ့​သော စခန်း​နေရာကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-The Kachin Net)
(KIA တပ်ဖွဲ့ဝင်များ (ပုံအ​ဟောင်း)နှင့် KIA/PDF ပူး​ပေါင်းတပ်ကသိမ်းပိုက်ခဲ့​သော စခန်း​နေရာကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-The Kachin Net)

▪︎ဆယ်ဇင်းဒေသ နေရာ ၂ ​နေရာတွင်တိုက်ပွဲဖြစ်နေဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ယနေ့မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်ဒေသခံနှင့်PDF တို့ကပြောသည်။

ဖားကန့် – တာမခန်လမ်းတွင်ရှိပြီးအင်အား ၇၀ခန့်တပ်စွဲထားသည့် ကသိုဏ်းတောင်စစ်ကောင်စီစခန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက် ၅နာရီ ၁၅ မိနစ်တွင် စီးနင်းတိုက်ခိုက်ပြီး နံနက် ၈နာရီ ၃၆ မိနစ်တွင် သိပ်ပိုက်လိုက်ခြင်းဟု ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ရှင်းလင်းရေးလုပ်ပြီးပြီ။လက်နက်ခဲယမ်းတွေလည်းရတယ်။ စစ်တပ်ဘက်က အသေအဆုံးစာရင်းတော့ မရသေးဘူး။ စစ်တပ်ကတော့ သူတို့စခန်းလက်လွတ်လိုက်ရလို့ လက်နက်ကြီးနဲ့ ပစ်နေတယ်” ဟုPDF တစ်ဦးကပြောသည်။

ကသိုဏ်းတောင်စခန်းသည် ​ဒေသတွင်း စစ်ရေးအရ အ​ရေးပါသည့်‌နေရာဖြစ်ကြောင်းလည်း သိရသည်။

(KIA တပ်ဖွဲ့ဝင်များ (ပုံအ​ဟောင်း)နှင့် KIA/PDF ပူး​ပေါင်းတပ်ကသိမ်းပိုက်ခဲ့​သော စခန်း​နေရာကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-The Kachin Net)
(KIA တပ်ဖွဲ့ဝင်များ (ပုံအ​ဟောင်း)နှင့် KIA/PDF ပူး​ပေါင်းတပ်ကသိမ်းပိုက်ခဲ့​သော စခန်း​နေရာကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-The Kachin Net)

ကချင်ဒေသခံတစ်ဦးကလည်း “သိမ်းလိုက်တာဟုတ်တယ်။ ဖြစ်စဉ်က ဒီနေ့ ၄နာရီလောက်ကနေ တိုက်တာ ၈ခွဲလောက်မှာ သိမ်းလိုက်နိုင်တယ်။သိမ်းလိုက်ပြီဆိုတော့ စစ်ကောင်စီတပ်က သေတာတို့ ထွက်ပြေးတာတို့ ရှိတာပေါ့။ စခန်းကို သိမ်းတယ်ဆိုတော့ သူတို့ သိုလှောင်ထားတဲ့ဟာတွေ(လက်နက်ခဲယမ်း)တော့ အကုန်ရမှာပဲလေ” ဟုပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌ စစ်ကောင်စီ၊ ရှမ်းနီတပ်(SNA) ပူးပေါင်းအဖွဲ့နှင့် KIA/PDF တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံက ယနေ့ နေ့လည်ပိုင်း၌ ပြောသည်။

“စစ်ကောင်စီနဲ့ SNA ပူးပေါင်းတွေနဲ့ KIA/PDFနဲ့ ဖြစ်တာပေါ့။ သူတို့က လက်နက်ကြီးနဲ့ အရင်ဆုံးလှမ်းထုတာနေမယ် နှစ်ဖက်ထိတွေ့မှုတော့ရှိနေတယ် မပြီးသေးဘူး။ အခုလက်ရှိ ဖြစ်နေတယ်” ဟု ဒေသခံက ပြောသည်။

ဖားကန့်ဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

စစ်ကောင်စီက ဇူလိုင်လဆန်းတွင် KIO/KIA ဌာနချုပ် နယ်မြေနှင့်နီးစသည့် နမ်ဆန်ယန်ဒေသသို့ ထိုးစစ်ဆင်လာပြီးနောက် ဇူလိုင်လကုန်ပိုင်းမှစ၍ KIAကလည်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေသည်။

နမ့်ဆန်ယာန်ဒေသ မြစ်ကြီးနား – ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းအချို့ကို KIAက ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

“တစ်နိုင်ငံလုံးမှာရှိနေတဲ့ အာဏာရှင်ကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေက စစ်ကောင်စီကို အားလုံး အမြစ်ပြတ် အားလုံးခြေမှုန်းနိုင်လေကောင်းလေပဲ။ အဲဒီလိုမျိုးကြားတော့ ကျမတို့ တအားဝမ်းသာတယ်။ ဒါရင်ထဲရှိတဲ့စကား ပြောပြတာလေနော်” ဟု ကချင်ဒေသခံကပြောသည်။