Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုဇွန်တောင်မြို့နယ် ရေကျော်ရှိ KM Export ဖက်ရှင်ဆိုင် လုယက်ခံရ

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် မကြာခဏဆိုသလို ဓားပြမှု၊ လုယက်မှုများ ဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့သည့် သြဂုတ် ၃ ရက်ကလည်း ရန်ကင်းမြို့နယ်ရှိ The Skin Studio အလှအပနှင့် ကျန်းမာရေး ဆေးခန်း၌ လုယက်မှု ဖြစ်ပွားခဲ့သေးသည်။

ဓာတ်ပုံ - KM EXPORT ဖက်ရှင်ဆိုင်
ဓာတ်ပုံ - KM EXPORT ဖက်ရှင်ဆိုင်

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမကြီးပေါ်ရှိ KM Export ဖက်ရှင်ဆိုင် ယမန်နေ့ နေ့လယ်က လုယက်ခံရမှုဖြစ်ပွားကြောင်း အဆိုပါမြို့နယ်ဒေသခံများက ပြောသည်။

ယမန်နေ့ (သြဂုတ် ၈) နေ့လယ် ၁နာရီခွဲခန့်တွင် KM Export ဖက်ရှင်ဆိုင်ကို အမျိုးသားတစ်ဦး စျေးဝယ်သူ ယောင်ဆောင်၍ ဝန်ထမ်းအမျိုးသမီးများအား ဓားဖြင့် ခြိမ်းခြောက်ကာ ဖုန်းနှင့် ငွေသားအချို့ လုယူသွားကြောင်း ပုဇွန်တောင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“မနေ့က နေ့လည်လောက်က ရေကျော်လမ်းပေါ်က KM Export Fashionကို ဓားပြတိုက်သွားတာပါ။ ဝန်ထမ်းကောင်မ​လေး သုံးယောက်ကို အဝတ်လဲခန်းထဲမှာ ခြေတွေ၊ လက်တွေ ကြိုးတုပ်ပြီး ပစ္စည်းတွေယူသွားတာပါ။ ဓားမြှောင်ပြပြီး ပြပြီး ဓားပြတိုက်သွားတာလို့ သိရတယ်။ ဖုန်း နှစ်လုံးနဲ့ ငွေသားအချို့ ပါသွားတယ် ကြားပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ အမျိုးသားသည် ဦးထုပ်ဆောင်းထားကာ ဓားမြှောင်တစ်လက်ဖြင့် လုယက်ခြင်း ဖြစ်ကြောင်း KM EXPORT ဖက်ရှင်ဆိုင်၏ CCTV မှတ်တမ်းအရ သိရသည်။

“ရေကျော်ဆိုင်ခွဲမှာ နေ့ခင်းကြောင်တောင် ဓားထောက်ပြီး ဆိုင်က ဝန်ထမ်းလေးတွေကို ခြေတွေလက်တွေ အကုန် ကြိုးတုပ်ပြီး ဖုန်းတွေ ပိုက်ဆံတွေ ယူသွားတာပါ။ ပစ္စည်းပါသွားတာထက် ကိုယ့်ဆိုင်က ခလေးတွေ ဘာမှ မထိခိုက်သွားတာပဲ ကံကောင်းလှပါပြီ။ ဦးထုပ်ကော mask ပါတပ်လာလို့ မျက်နှာကို အတိအကျ သေချာမမြင်ရပေမယ့် အခြားဆိုင် တွေလည်း သတိထားလို့ ရအောင် ရသလောက် CCTVက ပုံနဲ့ Videoလေးတွေ တင်ပေးလိုက်ရပါတယ်”ဟု KM Export ဖက်ရှင်ဆိုင်က ဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် မကြာခဏဆိုသလို ဓားပြမှု၊ လုယက်မှုများ ဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့သည့် သြဂုတ် ၃ ရက်ကလည်း ရန်ကင်းမြို့နယ်ရှိ The Skin Studio အလှအပနှင့် ကျန်းမာရေး ဆေးခန်း၌ လုယက်မှု ဖြစ်ပွားခဲ့သေးသည်။