Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဒုသမ္မတဟောင်း ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ်မှ NLD ထုတ်ပယ်

အာဏာလုစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ကြောင်းတွေ့ရှိရသဖြင့် NLD အစိုးရလက်ထက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။ ဦးဟင်နရီဗန်ထီးယူဟာ ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရတဲ့ ပါတီရဲ့ ရည်ရွယ်ချက်များနဲ့ ချမှတ်ထားတဲ့ မူဝါဒများကို လိုက်နာဆောင်ရွက်ပါမယ်လို့ ကတိသစ္စာ ပြုထားတဲ့အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ပြည်သူလူထုထံ ပေးအပ်ထားတဲ့ ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် အခုလို ထုတ်ပယ်တာလို့ ဖော်ပြပါတယ်။

(အာဏာသိမ်း​စစ်ခေါင်း​ဆောင်နှင့် ဇူလိုင် ၃၁ ရက်တွင်အတူ​တွေ့ခဲ့ရ​သော ဦးဟင်နရီဗန်ထီးယူ။ ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်း​စစ်ခေါင်း​ဆောင်နှင့် ဇူလိုင် ၃၁ ရက်တွင်အတူ​တွေ့ခဲ့ရ​သော ဦးဟင်နရီဗန်ထီးယူ။ ဓါတ်ပုံ-စစ်​ကောင်စီ)

▪️မြန်မာစစ်တပ်ကို တရားစွဲနိုင်ဖို့ အမှုတွဲတည်ဆောက်နေ

မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းပိုမိုကျုးလွန်လာနေပြီး ခိုင်မာတဲ့သက်သေအထောက်အထားတွေရရှိထားပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးယန္တယားအဖွဲ့က မနေ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစီရင်ခံစာမှာ စစ်တပ်နဲ့ စစ်တပ်နဲ့ဆက်နွယ်တဲ့အဖွဲ့တွေ ၂၀၂၂ ဇူလိုင်လကနေ ၂၀၂၃ ဇွန်လအထိ တစ်နှစ်တာနီးပါးကာလအတွင်းကျုးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေပါရှိပါတယ်။ ကျုးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု ၃ မျိုး ခွဲပြရာမှာ အရပ်သားတွေကိုမခွဲခြားဘဲ လေကြောင်းကနေတိုက်ခိုက်တာ ၊ အရပ်သားတွေနဲ့ဖမ်းဆီးခံရတဲ့ တော်လှန်ရေးသမားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အရပ်သားတွေရဲ့နေအိမ်တွေနဲ့အဆောက်အဦးတွေကိုမီးတင်ရှို့တာတွေပါဝင်ပါတယ်။ အဲဒီစစ်ရာဇဝတ်မှုတွေအတွက် ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကိုလည်း စုဆောင်းထားပြီး တရားရုံးတွေမှာ အသုံးပြုနိုင်အောင် အမှုတွဲတည်ဆောက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးယန္တယားအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်က ဘင်ရွာ မီးရှို့ခံရပြီးနောက်တွေ့ရစဉ်(ပုံဟောင်း)
စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်က ဘင်ရွာ မီးရှို့ခံရပြီးနောက်တွေ့ရစဉ်(ပုံဟောင်း)

▪️ဗန်းမော်-လွယ်ဂျယ်လမ်းအပါအဝင် KIA နယ်မြေသို့သွားတဲ့လမ်းများမှာ ဆေးဝါး၊ စားသောက်ကုန် သယ်ယူခွင့် စစ်ကောင်စီ ပိတ်ပင်

ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းအပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ဧရိယာသို့ သွားရောက်နိုင်တဲ့ လမ်းပိုင်းများမှာ ဆေးဝါးနဲ့ စားသောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်တယ်လို့ ကချင်ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီလမ်းပိုင်းမှာ ကုန်ပစ္စည်းသယ်ယူမှုကို အခုရက်ပိုင်းအတွင်း ပိတ်ပင်လိုက်တဲ့အပြင် လူသွားလာမှုများကိုလည်း စစ်ကောင်စီက စစ်ဆေးမှုများ ပိုမိုပြုလုပ်​နေတယ်လို့ သိရပါတယ်။ လွယ်ဂျယ်ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်ကို ပိတ်ခြင်းမဟုတ်ဘဲ လမ်းတလျှောက် ကုန်ပစ္စည်းသယ်ယူခွင့် အဓိက ပိတ်ပင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

(လွယ်ဂျယ်မြို့အဝင် တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net's Post)
(လွယ်ဂျယ်မြို့အဝင် တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ – The Kachin Net’s Post)

▪️တိုက်ပွဲဖြစ်ခဲ့တဲ့ လဲချားမြို့နယ်သို့ စစ်ကောင်စီ တိုက်လေယာဉ်ပျံသန်း၊ နှစ်ဖက်အင်အားဖြည့်တင်းနေပြီး စစ်ရေးတင်းမာနေ

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်က ဒီနေ့မှာ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် လှည့်ပတ်ပျံသန်းသွားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါ တီ /ရှမ်းပြည်တပ်မတော် (SSPP/SSA)က သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ် ၆ ရက်က SSPPနဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ တိုက်လေယာဉ် လာရောက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အဲဒီဒေသသို့ နှစ်ဖက်စစ်အင်အားဖြည့်တင်းပြီး စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ SSPP က အသိပေးပါတယ်။

▪️ဒီးမော့ဆိုမြို့အရှေ့ခြမ်းတိုက်ပွဲ KNDF ရဲဘော်တစ်ဦးကျဆုံး

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတိုက်ပွဲအတွင်း ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၆)က ဒီနေ့ထုတ်ပြန်ပါတယ်။ ဩဂုတ် ၂ ရက်က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားစဥ်ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့် သိရပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးတိုက်ခိုက်သွားခဲ့တဲ့ ရဲဘော်ညားရယ်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုကြောင်း KNDF တပ်ရင်း (၆)က ဖော်ပြပါတယ်။

(ကျဆုံးခဲ့ရသည့် ရဲဘော်အား သဂြိုလ်ရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - KNDF)
(ကျဆုံးခဲ့ရသည့် ရဲဘော်အား သဂြိုလ်ရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – KNDF)

▪️သွေးခွဲမှုများကို အနိုင်ယူနိုင်မှ အောင်မြင်မှုဆီ လျှောက်လှမ်းနိုင်မယ်လို့ KNPP ပြော

လူမှုရေး၊ နိုင်ငံရေးနဲ့ စစ်ရေးအရ သွေးခွဲမှုများကို အနိုင်ယူဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ဒီနေ့ ကျရောက်တဲ့ (၇၅)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့ပါတယ်။ ခုခံတော်လှန်ရေး တိုက်ပွဲဟာ မပြီးဆုံးသေးဘဲ စစ်အာဏာရှင်များကို တိုက်ထုတ်ပြီး အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းနိုင်ရေး၊ ကရင်နီပြည်သူတစ်ရပ်လုံး လိုလားတဲ့ တန်းတူရေး၊ ဒီမိုကေရစီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိရေး၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တို့ကို ပြန်လည်ထူထောင်ရေးတို့အတွက် ကရင်နီပြည်ရှိ အင်အားစု အလွှာအသီးသီး ဆက်လက်ပြီး တိုက်ပွဲဝင်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။

((၇၅)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ ကျင်းပနေစဉ်။ ဓာတ်ပုံ - KnlC)
((၇၅)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ ကျင်းပနေစဉ်။ ဓာတ်ပုံ – KnlC)

▪️ခင်ဦးမှာ PDFများ ဖမ်းထားတဲ့ ပျူ ၂၀ ကို စစ်အုပ်စုက စစ်​ကြောင်းထိုးပြန်​ခေါ်သွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသကာကွယ်ရေးအဖွဲ့များက ပျူစောထီးအဖွဲ့ဝင် ၂၀ ခန့်ကို ဖမ်းဆီးပြီး စစ်​ဆေးဖို့ စီစဥ်ထားစဥ် သတင်း​ပေါက်ပြီး စစ်ကောင်စီတပ်က စစ်​ကြောင်းထိုးဝင်​ရောက်ကာ ပြန်လည်​ခေါ်​ဆောင်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ရွာသန်းကျေးရွာမှာ ဖမ်းဆီးထားတဲ့ ရွှေဘိုမြို့နယ် ဖုတ်ကုန်းကျေးရွာမှ အမျိုးသား၊ အမျိုးသမီး ပျူ ၂၀ ဦးကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၊ စစ်ကြောင်းထိုးကာ ပြန်ခေါ်သွားတယ်လို့ ဒေသကာကွ​ယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ နောက်ပြီး ခင်ဦးမြို့နယ် တောင်ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ရွာသန်း၊ ရေအေးကုန်း၊ကျီးကန်၊ပန်းတွင်း၊ လက်ပံလှကျေးရွာနဲ့ အနောက်ခြမ်းရှိ စစ်ကြောင်းကြောင့် အင်းပတ်၊မြကန်၊ ချမ်းသာကုန်းစတဲ့ ကျေးရွာများမှ ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေး အခက်အခဲများရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။