Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီ စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်မှု ချက်ချင်းရပ်တန့်ရန် ဒေသခံသပိတ်အဖွဲ့များ သတိပေး

မုံရွာ-ဆားလင်းကြီး၊ ယင်းမာပင်နယ်များရှိ လူထုသပိတ်စစ်ကြောင်းအဖွဲ့ (၁၇)ဖွဲ့က သြဂုတ် ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သ​ည်။

(ဝမ်ပေါင်ကုမ္ပဏီအား ဒေသခံများက ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - CJ)
(ဝမ်ပေါင်ကုမ္ပဏီအား ဒေသခံများက ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ကုမ္ပဏီ ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီတို့အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ချက်ချင်းရပ်တန့်ရန် ဒေသခံသပိတ်အင်အားစုများက သတိပေးကြေညာချက် ထုတ်ပြန်သည်။

မုံရွာ-ဆားလင်းကြီး၊ ယင်းမာပင်နယ်များရှိ လူထုသပိတ်စစ်ကြောင်းအဖွဲ့ (၁၇)ဖွဲ့က သြဂုတ် ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သ​ည်။

ဝမ်ပေါင်ကုမ္ပဏီနှင့် ယန်စီကုမ္ပဏီတို့သည် စစ်ကောင်စီတပ်ဖွဲ့များကို ကုမ္ပဏီများ၏ စီမံကိန်း ဧရိယာအတွင်း၌ စခန်းချခွင့်ပြု၍ စားနပ်ရိက္ခာများ ထောက်ပံ့ထားခြင်း၊ စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးလိုသော ကျေးရွာများအနီးအထိ ဝမ်ပေါင် – ယန်စီ သတ္တုတွင်းကုမ္ပဏီပိုင် ကားများ အသုံးပြု၍ လိုက်လံပို့ဆောင်ပေးခြင်းနှင့် ၎င်းတို့အတွက် အစားအသောက်များ စီစဉ် ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ပေးနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ညအချိန်များတွင် စစ်ကောင်စီတပ်ဖွဲ့များက ဝမ်ပေါင်ကုမ္ပဏီဝန်းအတွင်းမှ အနီးရှိကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကို ခွင့်ပြုထားသည်ဟု သပိတ်အင်အားစုများက ဆိုသည်။

ထိုသို့ ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီတို့က စစ်တပ်ကို ပံ့ပိုးပြီး အားပေးအားမြှောက် ပြုလုပ်ခြင်းများကြောင့် စစ်တပ်က ညောင်ပင်ကြီး – ယင်းမာပင် – ပုလဲ လမ်းမပေါ်တွင် အတားအဆီးများချ၍ ခရီးသွားပြည်သူကားများကို တရားမဲ့ ဆက်ကြေးတောင်းခံမှုများ ပြုလုပ်နေခြင်း၊ ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းပေါ်တွင် သွားလာနေသော ခရီးသွားပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ပြည်သူများ၏ လယ်ယာမြေအတွင်း စိုက်ထားသော မီးတိုင်များအနီးနှင့် လယ်ယာမြေများအတွင်း၌ နင်းမိုင်းများထောင်ခြင်းနှင့် အနီးအနားရှိ ကျေးရွာများ မီးရှို့ ဖျက်ဆီးခြင်းများလည်း ပြုလုပ်နေသည်ဟု ဆိုသည်။

ဝမ်ပေါင်ကုမ္ပဏီအတွက် လိုအပ်သော ကုန်ပစ္စည်းများ၊ စားနပ်ရိက္ခာများလာပို့ချိန်တွင်လည်းကောင်း၊ ဝမ်ပေါင်ကုမ္ပဏီမှ ကြေးများသယ်ယူသည့်အချိန်များနှင့် တရုတ်နိုင်ငံသားများ၏ ခရီးစဉ်ရှိသည့်အချိန်တိုင်းတွင်လည်းကောင်း ပုသိမ်-မုံရွာလမ်းဘေးတလျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး၍ ပြည်သူများ၏ အိုးအိမ်ပစ္စည်းများကို လုယက် ခိုးယူခြင်းများနှင့် တွေ့ရှိသည့်ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီကို ဆက်လက်တည်တံ့စေရန် ထောက်ပံ့နေသည့် ဝင်ငွေရင်းမြစ်များ စာရင်းတွင်လည်း ဝမ်ပေါင်ကုမ္ပဏီနှင့် ယန်စီကုမ္ပဏီတို့ ပါဝင်နေကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့ကုမ္ပဏီ၏ လူမှုကွန်ရက်စာမျက်နှာမှ ဒေသခံကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင် နေမှုများကို မကြာခဏတင်ပြနေသော်လည်း လက်တွေ့တွင် မြေယာသိမ်းဆည်းခံရသော ဒေသခံများအတွက် မြေယာလျော်ကြေးများကို ယနေ့အချိန်ထိ ပေးလျော်မှုမရှိသေးသကဲ့သို့ ရွေ့ပြောင်းခံရသော ဒေသခံများ၏တောင်းဆိုမှုများကိုလည်း လိုက်လျောပေးခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဝမ်ပေါင်ကုမ္ပဏီနှင့် ယန်စီကုမ္ပဏီများသည် စစ်ကောင်စီကို အားပေးကူညီမှုများ ဆက်တိုက် ပြုလုပ်နေ၍ ထိုသို့ပူးပေါင်းဆောင်ရွက်နေမှုများကို ချက်ချင်းရပ်တန့်ရန် ပြင်းထန်စွာ သတိပေးတားမြစ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆားလင်းကြီးနယ်အခြေစိုက် ဓားမဆိုင်းတပ်မတော်၏ ထောက်လှမ်းရေးအရာရှိဖြစ်သူက “စကစနဲ့ပူးပေါင်းနေရင်တော့ ကျွန်တော်တို့ကလည်း ဆန့်ကျင်သွားမှာပါ။ ဝက်မှေးကို ခြံခတ်တာတွေအပါအဝင် ကျွန်တော်တို့ ကန့်ကွက်ပါတယ်။”ဟု ပြောသည်။

အဆိုပါသတိပေးကြေညာချက်အား

(၁) မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

(၂) လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်း

(၃) ယင်းမာပင်-ဆာလင်းကြီး ​ကျေးရွာ​ပေါင်းစုံ လူထုသပိတ်ဦး​ဆောင်​​ကော်မတီ

(၄) လက်ပံတောင်းတောင်ဒေသသပိတ်စစ်ကြောင်း

(၅) ၅/လက်ပံတောင်းသပိတ်စစ်ကြောင်း

(၆) ချင်းတွင်းမြစ်ဘေးတစ်လျှောက်ကျေးရွာများသပိတ်စစ်ကြောင်း

(၇) အညာပစ်တိုင်းထောင်လေးများ

(၈) သွေးမ​အေးတဲ့​ရွှေနွယ်​သွေး လူထုသပိတ်စစ်​ကြောင်း

(၉) ကယ်တင်ရှင်မရှာ ဒို့​ကျေးရွာ လူထုသပိတ်စစ်​ကြောင်း

​(၁၀) အောင်လံလွှင့်မည် ​ရွှေ​​ရေကြည် လူထုသပိတ်စစ်​ကြောင်း

(၁၁) ယင်းမာပင်​မြောက်ခြမ်း​ကျေးရွာများ သပိတ်စစ်​ကြောင်း

(၁၂) ယင်းမာပင်​မြောက်ခြမ်း သပိတ်အင်အားစု

(၁၃) အာဏာရှင်ကို အမြတ်ဖြတ်​တော်လှန် လမ်းမထက်က ​ရွှေဥက္ကံ သပိတ်စစ်​ကြောင်း

​(၁၄) နောက်ပြန်မလှည့်​ကြေး ဒီ​တော်လှန်​ရေး လူထုသပိတ်စစ်​ကြောင်း

(၁၅) စည်းလုံးခြင်းနဲ့ခရီးဆက် ဖက်ဆစ်စိတ်ဓာတ်အ​မြစ်ဖတ် လူထုသပိတ်စစ်ကြောင်း

(၁၆) လူငယ့်အားမာန် လူထုသပိတ်စစ်ကြောင်း

(၁၇) ပြည်သူ့အားမာန် လူထုသပိတ်စစ်ကြောင်း

စသည့် သပိတ်စစ်ကြောင်း(၁၇)ဖွဲ့က စုပေါင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယခုလက်ရှိ စစ်ကောင်စီတပ်နှင့် မြန်မာ၀မ်ပေါင်ကြေးနီကုမ္ပဏီ (Myanmar Wanbao Mining Copper Co.,Ltd) သည် သြဂုတ် ၃ ရက်မှစ၍ ကြေးနီစီမံကိန်းအနီးရှိ ၀က်မှေးရွာဟောင်းကို ခြံစည်းရိုးခတ်နေပြီး ဒေသခံများကိုလည်း ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။