Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်း မြို့နယ်လေးခုရှိစစ်အုပ်စုနေရာများအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်

သြဂုတ် ၈ ရက် နံနက် ၅ နာရီ မိနစ် ၄၀ခန့်က စစ်ကောင်စီတပ်ရှိရာ ၀က်လက်မြို့နယ် အထွေထွေအုပ်ရေးမှူးဦးစီးဌာနရုံးနှင့် မီးသတ်ရုံးအတွင်းသို့ ဗုံးသီး တစ်လုံးစီနှင့် နံနက် ၈နာရီ မိနစ် ၂၀ခန့်တွင် လှတောရဲစခန်းအတွင်းသို့ ဗုံးသီး နှစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်အဖွဲ့က ပြောသည်။

(ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့မှ ရဲဘော်များ လေယာဥ်ငယ်များစမ်းသပ်ထုတ်လုပ်နေစဥ်။ ဓာတ်ပုံ - Daung Ta Mann)
(ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့မှ ရဲဘော်များ လေယာဥ်ငယ်များစမ်းသပ်ထုတ်လုပ်နေစဥ်။ ဓာတ်ပုံ - Daung Ta Mann)

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်လေးခု၌ စစ်ကောင်စီတပ်စွဲရာနေရာများအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် နှစ်ရက်ဆက် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

သြဂုတ် ၈ ရက် နံနက် ၅ နာရီ မိနစ် ၄၀ခန့်က စစ်ကောင်စီတပ်ရှိရာ ၀က်လက်မြို့နယ် အထွေထွေအုပ်ရေးမှူးဦးစီးဌာနရုံးနှင့် မီးသတ်ရုံးအတွင်းသို့ ဗုံးသီး တစ်လုံးစီနှင့် နံနက် ၈နာရီ မိနစ် ၂၀ခန့်တွင် လှတောရဲစခန်းအတွင်းသို့ ဗုံးသီး နှစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်အဖွဲ့က ပြောသည်။

နေ့လယ် ၁၂ နာရီခွဲခန့်တွင် ယင်းမာပင်မြို့နယ် ကျောက်မှော်ရွာအနီး သစ်ကွင်းမှ သစ်များကိုခိုးယူနေသော စစ်အုပ်စုအား ဗုံးသီး ငါးလုံးဖြင့်လည်းကောင်း၊ သစ်များသယ်ဆောင်နေသော နေရာကို ဗုံးသီး နှစ်လုံးဖြင့်လည်းကောင်း ထပ်မံ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့နောက် ညနေ ၃နာရီခွဲခန့်တွင်လည်း ပုလဲမြို့အထွေထွေအုပ်ရေးမှူးဦးစီးဌာနရုံးအတွင်း ဗုံးသီး သုံးလုံးဖြင့်လည်းကောင်း၊ ညနေ ၄ နာရီခန့်တွင် ပုလဲမြို့မရဲစခန်း၀င်းအတွင်း ဗုံးသီး တစ်လုံးဖြင့်လည်းကောင်း၊ ယင်းနေ့ ညနေ၅နာရီခန့်တွင် ဆားလင်းကြီးမြို့နယ် ကျားတက်ရဲစခန်းအတွင်း ဗုံးသီး နှစ်လုံးဖြင့်လည်းကောင်း မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် တိုက်ခိုက်နိုင်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့က ပြောသည်။

ယမန်နေ့(သြဂုတ် ၉ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်ကလည်း ယင်းမာာပင်မြို့နယ် ပန်းထိမ်ပြင်သစ်ကွင်းမှ သစ်များကို ခိုးယူနေသော စစ်ကောင်စီတပ်သားများအား မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ဗုံးသီးခြောက်လုံးချတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထပ်မံအသိပေးသည်။

စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လ​ည်း ပူးပေါင်းတပ်ဖွဲ့၀င်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ဒေါင်းတမာန်အဖွဲ့က ပြောသည်။

“ပြည်သူတွေစစ်ဖိနပ်အောက်က အမြန်လွတ်မြောက်နိုင်ဖို့အတွက် ရှိတဲ့အင်အားလေးတွေစုပေါင်းပြီး မစ်ရှင်တွေခပ်စိတ်စိတ်လုပ်နိုင်အောင်စုပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့ကြတာပါ။စစ်ရေးအရကျွန်တော်တို့ကို လိုအပ်ချက်ရှိနေလို့အကူအညီတောင်းခံရင်လည်း ဘယ်အဖွဲ့ကိုမဆိုပူးပေါင်းပြီးဆောင်ရွက်နေပါတယ်”ဟု ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

၎င်းဆက်လက်ပြီး “စိန်ခေါ်မှုတွေကတော့ ရာသီဥတုအခြေအနေဆိုးဝါးမှု၊ ရှိတဲ့ပစ္စည်းကို ထပ်ခါထပ်ခါသုံးစွဲနေရလို့ပျက်ကြတဲ့အခါမျိုးတွေမှာ ပြန်လည်ဖြည့်ဆည်းနိုင်ဖို့ ပြည်သူတွေရဲ့ပူးပေါင်းပါ၀င်မှုအများကြီးလိုအပ်နေတာပါပဲ။ ကျွန်တော်တို့မှာ နည်းပညာတွေရှိနေပါပြီ။ ပစ္စည်းလုံလုံလောက်လောက်နဲ့သာ တော်လှန်ရေးဆောင်ရွက်ရမယ်ဆို စစ်အာဏာရှင်စနစ်မြေချစရာနေရာတောင်မရှိနိုင်တော့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့စစ်ဆင်ရေးကိုပြည်သူများမှတတ်အားသ၍ပူးပေါင်းကူညီပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောသည်။

အဆိုပါ စစ်ဆင်ရေးများကို

(၁) Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF

(၂) Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF

(၃)စစ်ကိုင်းခရိုင်၊တပ်ရင်းအမှတ်(၄)MSPDF

(၄)ဗိုလ်ချုပ်၊၀က်လက်

(၅)PGZဒေါင်းမျိုးဆက်အဖွဲ့

(၆)ကျောက်လုံးကြီးKLGတပ်မဟာ

(၇)အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM

(၈)MRTF အရာတော်

(၉)Monywa Ranger

(၁၀)Seven People Defense Force-Mandalay

(၁၁)Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့)

(၁၂)ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့

(၁၃)ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့

(၁၄)Support To Federal Democracy

(၁၅)မဖြူလေး

(၁၆)ဒေသခံတပ်ရင်းတပ်ဖွဲ့များစသည့် အဖွဲ့(၁၆)ဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးပူးပေါင်းတပ်ဖွဲ့၀င်များသည် စစ်ဆင်ရေးများ ပိုကောင်းအောင် လုပ်နေပြီး အညာဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ စစ်အာဏာရှင်စနစ်အမြန်ဆုံးအမြစ်ပြတ်စေရေး၊ဖက်ဒရယ်ဒီမိုကရေစီအမြန်ဆုံးရရှိစေရေး တော်လှန်ရေးကြီးပြီးဆုံးတိုင်အောင်အထိ ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

အဆိုပါ ဒေါင်းတမန်စစ်ဆင်ရေးကို ပြီးခဲ့သည့် မတ်လကစတင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဆောင်ရွက်ခဲ့သော မစ်ရှင်များအနက် မုံရွာအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)အား တိုက်ခိုက်ခဲ့မှုမှာ အောင်မြင်မှုအရှိဆုံးဟု ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။