Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို မကွေးနှင့် စစ်ကိုင်းတိုင်း PDFများ ပူးပေါင်းတိုက်ခိုက်

ယမန်နေ့ (သြဂုတ် ၁ရက်) မွန်းလွဲ ၂နာရီခန့်က ပခုက္ကူမြို့နယ်၊ ကျပ်တိုးကျေးရွာအနီးရှိ အင်အား ၄၀ကျော်ရှိသော စစ်ကောင်စီစခန်းကို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်တိုးကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို မကွေးနှင့် စစ်ကိုင်းတိုင်းအခြေစိုက် PDFများ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁၀ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ရိုးမရာဇာတပ်ရင်း၏တပ်ခွဲမှူး ဗိုလ်ရန်ဖြိုးက ပြောသည်။

ယမန်နေ့ (သြဂုတ် ၁ရက်) မွန်းလွဲ ၂နာရီခန့်က ပခုက္ကူမြို့နယ်၊ ကျပ်တိုးကျေးရွာအနီးရှိ အင်အား ၄၀ကျော်ရှိသော စစ်ကောင်စီစခန်းကို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်ချိန် ၄နာရီခန့်ကြာခဲ့ပြီး အနီးဝန်းကျင် ပျူရွာများမှ တပ်ကူများရောက်ရှိလာကြောင်း၊ စခန်းကို ဝင်စီးနိုင်သည့် အခြေအနေရောက်ရှိခဲ့သော်လည်း ကျည် အင်အားနည်းသွား၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း တော်လှန်ရေးရဲဘော်များက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့်ရဲ ၁၀ ဦးအထက် သေဆုံးနိုင်ကြောင်း ရိုးမရာဇာတပ်ခွဲမှူး ဗိုလ်ရန်ဖြိုးက ပြောသည်။

“အနီးကပ်ဝင်ပစ်တာ။ စခန်းထဲမှာ တစ်ထပ်တိုက်သာသာ တစ်ခုရှိတယ်။ အဲမှာဘန်ကာရှိပြီး အဲဘန်ကာထဲကကောင် လုံးဝမှောက်သွားတယ်။ ဘန်ကာ သုံးခုရှိတာ တစ်ခုက RPGနဲ့ထုလိုက်တာ။ လုံးလုံးကွဲသွားတယ်။”ဟု ရိုးမရာဇာတပ်ခွဲမှူး ဗိုလ်ရန်ဖြိုးက ပြောသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်ခံရသော စခန်းမှစစ်အုပ်စုသည် လမ်းမပေါ်တွင် စစ်ဆေးရေးဂိတ်ပြုလုပ်ကာ ခရီးသွားယာဥ်များထံမှ ရိက္ခာများသိမ်းယူလေ့ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို ရိုးမရာဇာတပ်ရင်း(နယ်စည်းမခြား)၊ God of Myaing၊ ဗိုလ်စကားပျောက်ကျား၊ ချောက်မြို့ပြပျောက်ကျား၊ M7 ပုလဲ၊ ပုလဲ ရင်း(၈)၊ ယင်းမာပင် ရင်း(၂၇)၊ ယင်းမာပင် ခရိုင်ရင်း(၁၂)၊ King fighter SGF၊ ပေါက် ပကဖ ရင်း(၄)၊ ပခုက္ကူ ရင်း(၈)၊ ပခုက္ကူ ရင်း(၁၃)၊ ပခုက္ကူ ရင်း(၁၈)၊ ကမ္မ PDFBLDF၊ Black Hero၊ YGF၊ Pauk Generation Star၊ တော်ဝင်ကျား စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ကျပ်တိုးရွာအနီး စစ်ကောင်စီတပ်စခန်းသည် ပခုက္ကူ-ကမ္မ-ပေါက်လမ်းပေါ်တွင် တည်ရှိပြီး အဆိုပါလမ်းပိုင်း၌ မော်တော်ယာဥ်များ နေ့စဉ်ညနေ ၆ နာရီမှ နံနက် ၆ နာရီ အတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြရန်၊ ကားမှန်ချ၍ အရှိန်လျော့ မောင်းနှင်ကြရန်၊ မြို့နယ်(ပကဖ)နှင့် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက လိုအပ်ချက်၍ စစ်ဆေးသည့်အခါ ကြည်ဖြူစွာစစ်ဆေးခံရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ယင်းတို့၏ ထောက်တိုင်များနှင့် ယှဉ်တွဲသွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။