Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တလိုင်းရွာလေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ သံဃာတစ်ပါးအပါအဝင် နှစ်ဦးတိုးလာပြီး စုစုပေါင်း ငါးဦးရှိလာ

စစ်ကောင်စီတပ်သည် အာဏာသိမ်းကာလနှစ်နှစ်ကျော်အတွင်း ၂၀၂၃ ဧပြီအထိ စစ်ကိုင်းနှင့်မကွေးတိုင်းတွင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ၃၆၁ ကြိမ်ရှိကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(တလိုင်းရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - SYP)(တလိုင်းရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - SYP)
(တလိုင်းရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - SYP)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူသံဃာတော်တစ်ပါးနှင့် ပြည်သူတစ်ဦးထပ်တိုးလာပြီး စုစုပေါင်း ငါးဦးအထိရှိလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ် ၁၁ရက်) နံနက် ၄နာရီ ၁၅မိနစ်ခန့်က စစ်ကိုင်းမြို့နယ်မြောက်ခြမ်း တလိုင်းကျေးရွာရှိ တလိုင်းကန်ဦးကျောင်းအား စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ တစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ (၈)လသားအရွယ် ကလေးငယ် တစ်ဦး ၊ ကလေး၏မိခင် အသက် (၂၃)နှစ်ခန့်အရွယ်အမျိုးသမီး တစ်ဦးနှင့် (၆၅)နှစ်အရွယ်အမျိုးသမီး တစ်ဦးတို့ စုစုပေါင်းသုံးဦးသေဆုံးခဲ့သည်။

ထို့အပြင် သံဃာတော်တစ်ပါးနှင့် တလိုင်းရွာသားတစ်ဦးလည်း ထပ်မံသေဆုံးခဲ့၍ စုစုပေါင်း ငါးဦး သေဆုံးခဲ့ရကြောင်း စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

ထို့အပြင် လေကြောင်းပစ်ခတ်မှုကြောင့် နွားခြောက်ကောင်လည်း သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(တလိုင်းရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - SYP)
(တလိုင်းရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – SYP)

စစ်ကောင်စီတပ်သည် လေကြောင်းမှပစ်ခတ်ပြီးနောက် မြေပြင်ကပါစစ်ကြောင်းထိုးလာ၍ စစ်ကိုင်းမြို့နယ်ရှိ တလိုင်း၊ကျောင်းဖြူ၊စဉ့်ကိုင်၊အုတ်ဖို၊ချောင်းဦးရွာများမှ ဒေသခံ ပြည်သူထောင်နှင့်ချီ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း စစ်ရှောင်အရေး ကူညီပေးနေသူက ပြောသည်။

“လေကြောင်းကနေ ပစ်ပြီးကတည်းက တစ်ရွာလုံးအုန်းအုန်းကျွတ်ကျွတ်နဲ့ ပြေးနေရတာ။ ဖုန်းလိုင်းတွေလည်း မကောင်းဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ယခုနှစ် ဧပြီ ၉ရက်ကလည်း တလိုင်းရွာကျန်းမာရေးဆေးခန်းအား စစ်ကောင်စီတပ်က Mi-35 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကျန်းမာရေး၀န်ထမ်း နှစ်ဦးထိခိုက်ခဲ့ကာ ဆေးခန်းလည်း ပျက်စီးခဲ့သေးသည်။

(တလိုင်းရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - SYP)
(တလိုင်းရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – SYP)

စစ်ကောင်စီတပ်စစ်ကြောင်းသည် မွန်းလွဲပိုင်း၌ ဝက်လက်မြို့နယ်၊ ပဲ့သူကြီးရွာ ရောက်ရှိပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းကာလနှစ်နှစ်ကျော်အတွင်း ၂၀၂၃ ဧပြီအထိ စစ်ကိုင်းနှင့်မကွေးတိုင်းတွင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ၃၆၁ ကြိမ်ရှိကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် ​ကျေးရွာနေအိမ်များနှင့် ပြည်သူလုထုစုဝေးနေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားပြည်သူအများအပြား သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများအနက် ဆုံးရှုံးမှုအများဆုံးမှာ ၂၀၂၃ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာဖြစ်စဥ်ဖြစ်ပြီး ကလေးငယ် ၄၀ထက်မနည်းအပါအဝင် ဒေသခံ၂၀၀ နီးပါးသေဆုံးခဲ့သည်။