Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၁၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️နိုင်ငံရေးမှာ လုံး၀ပါဝင်ခွင့်မရှိတော့တဲ့ စစ်တပ်တည်ဆောက်ဖို့ အပါအဝင် နိုင်ငံရေးရည်မှန်းချက် ၄ ရပ်ကို KNU ထပ်ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU)က အဖွဲ့ရဲ့ နိုင်ငံရေးရည်မှန်းချက် ၄ရပ်ကို မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထပ်လောင်းရှင်းလင်း အသိပေးပါတယ်။ စစ်အာဏာသိမ်းပြီးပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ နှစ်ပေါင်း ၇၀ ကြာ သက်ဆိုးရှည်လာခဲ့တဲ့ အစိုးရ အဆက်ဆက်ရဲ့ မဖြေရှင်းခဲ့တဲ့ နိုင်ငံတည်ဆောက်မှု ပြဿနာကြီးရဲ့ အထွဋ်အထိပ်သာလျင် ဖြစ်တယ်လို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။ KNUရဲ့ နိုင်ငံရေး ရည်မှန်းချက် ၄ ရပ်မှာ မြန်မာ့နိုင်ငံရေးမှာ စစ်တပ် လုံးဝ မပါဝင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခု ရေးဆွဲရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး၊ နိုင်ငံသစ်ထူထောင်ရေးရဲ့အဆင့်တိုင်းမှာ နိုင်ငံတကာ ပါဝင်တဲ့ အခန်းကဏ္ဍကို သဘောတူ ပါဝင်စေရေး တို့ဖြစ်ပါတယ်။

▪️KIAနှင့် တိုက်ပွဲမှာ စစ်ကောင်စီ၊ ရှမ်းနီ ပူးပေါင်းတပ် အထိနာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ ဒီနေ့ မနက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံ အချို့က ပြောပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံး များပြားခဲ့တဲ့အပြင် SNA နဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဆယ်ဇင်းဒေသနဲ့ (၅)မိုင်ခန့်ဝေးတဲ့ နံ့ကသာနဲ့ ပန်ချယ်ကျေးရွာများအနီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်များကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆယ်ဇင်းဒေသခံက ပြောပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - People’s Spring)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ – People’s Spring)

▪️ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးမှုများပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိတယ်လို့ ကရင်နီစစ်ရေး သတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့က ဒီးမော့ဆိုမြို့နယ်တိုက်ပွဲမှာ မြေပြင်သေဆုံးသူများပြားတဲ့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်မယ်လို့ သိရပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ သုံးကြိမ်တိုက်ခိုက်၊ ဗုံးကြဲခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ဓာတ်ပုံ - JFK)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – ဓာတ်ပုံ – JFK)

▪️လားရှိုးမြို့နယ်မှာ TNLAနဲ့ စစ်ကောင်စီ နှစ်ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။ မနေ့က TNLA တပ်မဟာ (၆)စစ်ဒေသ၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်၊ နမ့်လောင်းကျေးရွာအနီးရှိ PSLF/TNLA ရဲ့တပ်စခန်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ရဲ့ သေဆုံးမှုအရေအတွက် မသိရသေးပေမယ့် စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိတယ်လို့ TNLA က အသိပေးပါတယ်။

(တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

▪️စစ်ကောင်စီဖမ်းဆီးပြီး ထောင် ၁၀နှစ်ချခံထားတဲ့ CDNFရဲဘော် ဆေးကုသခွင့်မရလို့ အကျဥ်းထောင်းအတွင်း သေဆုံး

ဖလမ်းမြို့အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)မှ တပ်ဖွဲ့ဝင် ဆလိုင်းဗန်ဗျက်ဟိမ်ဟာ စစ်ကောင်စီရဲ့ အကျဉ်းထောင်အတွင်း အကျဥ်းကျခံထားရစဥ် လုံလောက်သော ဆေးဝါးကုသမှုမရရှိခဲ့လို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အသက်(၂၉)နှစ်အရွယ် ဆလိုင်းဗန်ဗျက်ဟိမ်(ခေါ်)ဆလိုင်းအာဒံကို စစ်ကောင်စီတပ်က ၂၀၂၁ ဇွန်လ ၁ ရက်မှာ ဖမ်းဆီးခဲ့ပြီး ၂၀၂၃ ဩဂုတ် ၆ ရက်မှာ ကလေးမြို့နယ်၊ အင်းတိုင်းလေးအကျဉ်းထောင်မှာ နှလုံးရောဖြင့် ကွယ်လွန်ခဲ့တာလို့ CNDFက ထုတ်ပြန်ပါတယ်။ ဆလိုင်းဗန်ဗျက်ဟိမ်ကို စစ်ကောင်စီက လုံလောက်သော ဆေးဝါးကုသခွင့်မပေးသဖြင့် စစ်ကောင်စီစစ်ကြောရေးမှာ နှိပ်စက်ထားတဲ့ ဒဏ်ရာများနဲ့ နှလုံးရာဂါတို့ကြောင့် ကွယ်လွန်ရတာလို့ CNDF က ဆိုပါတယ်။

▪️လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး စစ်ဗိုလ်နဲ့ ပျူ သေဆုံးဟုဆို

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်မှ ယာဥ်တစ်စီးကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးနဲ့ ပျူစောထီးတစ်ဦးသေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သြဂုတ် ၈ ရက် နေ့ခင်းက လောင်းလုံးနယ် ကျောက်နီမော်ရွာမှတဆင့် ကျောက်ဝပ်ပြင်ကျေးရွာဘက်သို့ စစ်ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးဖြင့်ထွက်လာတဲ့ အင်အား ၁၀ ဦးခန့်ပါ စစ်ကောင်စီတပ်ကို LLPDF တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကောင်စီဘက်မှ အင်အား ၁၅ ဦးခန့်ပါ စစ်ကားအကြီးနှစ်စီး စစ်ကူရောက်ရှိလာတာကြောင့် တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ အသိပေးပါတယ်။

▪️စစ်ကိုင်းမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ်အပါအဝင် သုံးဦးသေဆုံး၊ ၁၅ ဦးခန့်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာမှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လသားအရွယ်ကလေးငယ်နဲ့ ၎င်းရဲ့ မိခင်အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ပြည်သူ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ တလိုင်းကျေးရွာ ကန်ဦးကျောင်းကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် (၈)လသားအရွယ် ကလေးငယ်တစ်ဦး ၊ ကလေးရဲ့မိခင် (၂၃)နှစ်ခန့်အရွယ်အမျိုးသမီး တစ်ဦးနဲ့ (၆၅)နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့တယ်လို့ Wetlet Informational Network အဖွဲ့က ဖော်ပြပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်သားများဟာ တလိုင်းကျေးရွာကို ဝင်ရောက်ပြီးနောက် ဒေသခံပြည်သူအချို့လည်း ဖမ်းဆီးထားရကြောင်း Sagaing District Medical Team အဖွဲ့က အသိပေးပါတယ်။

(စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် စစ်ကိုင်းမြို့နယ် တလိုင်းရွာဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်ရန်ပြင်ဆင်နေကြစဥ်။ ဓာတ်ပုံ - U Pyay)
(စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် စစ်ကိုင်းမြို့နယ် တလိုင်းရွာဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်ရန်ပြင်ဆင်နေကြစဥ်။ ဓာတ်ပုံ – U Pyay)

▪️ငါန်းဇွန်နယ် ထန်းတစ်ပင်ရွာကို စစ်တပ် ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ ခန့် ဖမ်း​ဆီးထား

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ထန်းတစ်ပင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ ခန့်ကို ဖမ်း​ဆီးထားတယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ ညပိုင်းက ငါန်းဇွန်မြို့နယ်၊ မြို့သာနယ်ရှိ ထန်းတပင်ကျေးရွာကို စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ ၃၀ ခန့်ကို ကျေးရွာဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဒေသခံတွေကို ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ ငါန်းဇွန်ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဒီနေ့ မနက်ပိုင်းမှာ ထန်းတပင်ကျေးရွာရှိ ပြည်သူတစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေပြီး ရွှေ၊ ငွေစတဲ့ အဖိုးတန်းပစ္စည်းများ၊ ဆန်၊ဆီ ရိက္ခာများကို အဓမ္မလုယူသွားတယ်လို့ ဒေသခံများက ပြောပါတယ်။

ငါန်းဇွန်နယ် ထန်းတစ်ပင်ရွာကို စစ်တပ်ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ခန့် ဖမ်း​ဆီးထား
ငါန်းဇွန်နယ် ထန်းတစ်ပင်ရွာကို စစ်တပ်ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၀ခန့် ဖမ်း​ဆီးထား