Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၁၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️နမ့်ဆန်ယန်ထိုးစစ် တိုက်ပွဲဝင်ဖို့ ငြင်းဆန်တဲ့ တပ်ရင်းမှူးများအနက် တစ်ဦး စစ်ကြောရေးမှာ သေဆုံးဟု ကချင်သတင်းရင်းမြစ်ပြော

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာနယ်မြေအနီးရှိ နမ့်ဆန်ယန်ဒေသသို့ ထိုးစစ်ဆင်ဖို့ ငြင်းဆန်ပြီး အာဏာဖီဆန်ခဲ့တဲ့ တပ်ရင်းမှူး သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးအရေးယူထားချိန်မှာ ထိုးစစ်ဆင်ဖို့ ထပ်မံငြင်းဆန်ခဲ့တဲ့ အခြား တပ်ရင်းမှူးနှစ်ဦးကိုလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)က ဖမ်းဆီးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်နဲ့ ကချင်ဒေသခံတို့ကပြောပါတယ်။ ခလရ(၃၇)နဲ့ ခမရ(၃၈၇)တို့မှ တပ်ရင်းမှူး နှစ်ဦး မနေ့က ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။ ထိုးစစ်အစပိုင်းမှာ တိုက်ပွဲဝင်ဖို့ ငြင်းဆန်လို့ဆိုပြီး တပ်မ(၈၈) လက်အောက်ခံ ခလရ(၁၂)၊ ခလရ(၁၃)နဲ့ ခမရ(၄၁၁)မှ တပ်ရင်းမှူး သုံးဦး ဖမ်းဆီးခံထားရပါတယ်။ အဲဒီထဲက ခလမ(၁၃) တပ်ရင်းမှူးဟာ ပြီးခဲ့တဲ့ လေးရက်က အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

(နန်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၂၁ရက် ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးခဲ့သည့်အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)
(နန်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၂၁ရက် ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးခဲ့သည့်အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ – ဒေသခံ)

▪️ကရင်နီပြည်မှာ စစ်ကောင်စီက အတွဲလိုက်မစ်ဆိုင်းဒုံးများ အသုံးပြုတိုက်ခိုက်လာ

ကရင်နီပြည်နယ်မှာ စစ်ကောင်စီက အတွဲလိုက်မစ်ဆိုင်းဒုံးများကို အသုံးပြုတိုက်ခိုက်လာတယ်လို့ ကရင်နီတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။ နေပြည်တော်နဲ့ နီးကပ်တဲ့ ကရင်နီပြည်ဒေသမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ၎င်းတို့ရဲ့ နောက်ဆုံးပေါ်လက်နက်များကို အခုရက်ပိုင်းကစလို့ မြေပြင်တိုက်ပွဲတွေမှာ အသုံးပြုလာတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက မယ်စဲ့မြို့ပြန်လည်သိမ်းပိုက်နိုင်ရေး အပါအဝင် ကရင်နီပြည်နယ်ရှိ အဓိက လမ်းမကြီးများကို ထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။

(စစ်ကောင်စီ အမြောက်တပ်၏ အတွဲလိုက်ဒုံးပစ်ခတ်မှု အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီ အမြောက်တပ်၏ အတွဲလိုက်ဒုံးပစ်ခတ်မှု အားတွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️စစ်အင်အားပြုန်းတီးမှုကြောင့် Non-CDMများကို အရန်အင်အားအဖြစ်သုံးဖို့ စစ်ကောင်စီကြိုးပမ်း

စစ်အင်အားပြုန်းတီးမှုများ နေ့စဉ် ကြုံနေရရတဲ့ စစ်ကောင်စီတပ်ဟာ စစ်ထွက်အင်အား အလွန်နည်းပါးနေတဲ့ အခြေအနေမှာ စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများ(Non-CDM)ကို အရန်အင်အားအဖြစ် အသုံးပြုဖို့ စစ်ကောင်စီက ကြိုးပမ်းလာတာတွေ့ရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းရှိ ဌာနဆိုင်ရာစာရင်းပြုစုပေးဖို့ ညွှန်ကြားစာမှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ဖို့ စစ်ကောင်စီရဲ့ အရန်အင်အားများကို ပြည်သူ့စစ် တပ်ရင်းအသွင် ဖွဲ့စည်းခြင်း၊ အင်အားအခြေအနေအပေါ်မူတည်ကာ တာဝန်ခွဲဝေခြင်း၊ အရေးကြုံလာပါ အရန်အင်အားများအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်မယ်လို့ ဖော်ပြထားပါတယ်။ အဲဒီလို စစ်ကောင်စီရဲ့ အသုံးချခံမည်ဆိုပါက ပြည်သူ့ ရန်သူအဖြစ်သတ်မှတ်ခံရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ ဦးမောင်မောင်ဆွေက ပြောပါတယ်။

▪️၂၀၂၆ အာဆီယံ ဥက္ကဋ္ဌတာဝန် မြန်မာရဖို့ မ​သေချာ

လက်ရှိ နိုင်ငံရေး အခြေအနေတွေ၊ ပြည်တွင်းရေး အရှုပ်အထွေးတွေကြောင့် မြန်မာနိုင်ငံဟာ ၂၀၂၆ ခုနှစ်မှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရမယ့် ကိစ္စကို ရွှေ့ဆိုင်းဖွယ် ရှိနေတယ်လို့ ထိုင်း PBS သတင်းဌာနက​ဖော်ပြပါတယ်။ မြန်မာအနေနဲ့ ၂၀၂၆ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နေရာကို အလှည့်ကျော်ပေးဖို့ အာဏာသိမ်း စစ်တပ်က တရားဝင် အဆိုပြုလာဖွယ် ရှိနေကြောင်း ပြောကြပါတယ်။ ဒီအခြေအနေက မြန်မာ့ ပြည်တွင်းရေးမှာ မရေရာမှုတွေ နောက်ထပ် နှစ်အတော်ကြာ ကြီးစိုးနေနိုင်သေးတယ်ဆိုတဲ့ သဘောမျိုးကို ညွှန်ပြနေတယ်လို့လည်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအပြီး စစ်တပ်က ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်တိုက် ကျူးလွန်နေတဲ့အတွက် အာဆီယံ အဖွဲ့ဟာ နိုင်ငံရေး အစည်းအဝေးတွေမှာ မြန်မာကို တက်ရောက်ခွင့် တားမြစ် ပိတ်ပင်ထားပါတယ်။

ဓါတ်ပုံ-Thai PBS
ဓါတ်ပုံ-Thai PBS

▪️ထားဝယ်ဒုထောင်မှူးနေအိမ်မှာ မူးယစ်ဆေးနဲ့ မိုဘိုင်းဖုန်းများ တွေ့ရှိဟုဆို

ထားဝယ်အကျဉ်းထောင် ဝန်ထမ်းအိမ်ယာရှိ ဒုထောင်မှူးနေအိမ်မှာ ဌာနဆိုင်ရာအရာရှိများ ပိုင်ဆိုင်တဲ့ မူးယစ်ဆေးဝါးများနဲ့ မိုဘိုင်းဖုန်းများ တွေ့ရှိခဲ့တဲ့ဖြစ်စဉ်ကို စစ်ကောင်စီက ဖုံးဖိဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံများနဲ့ တော်လှန်ရေးအဖွဲ့များက ပြောပါတယ်။ ထားဝယ်အကျဉ်းထောင်ဒုထောင်မှူး ဦးသူရိန်ထွန်းရဲ့ နေအိမ်မှာ စိတ်ကြွဆေးပြားများ၊ မူးယစ်ဆေးဝါးများအပြင် ဖုန်း ၄၉ လုံး၊ လက်တော့အလုံး ၃၀ နဲ့ ဆက်စပ်စ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့က တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးများဟာ ထားဝယ်မြို့မှ ရဲအရာရှိများအပါအဝင် ဌာနဆိုင်ရာအရာရှိများနဲ့ မြို့ခံလုပ်ငန်းရှင်အချို့ရဲ့ မူးယစ်ဆေးဝါးများဖြစ်တယ်လို့ ထားဝယ်အကျဉ်းထောင်နှင့် နီးစပ်တဲ့ သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

(ထားဝယ်အကျဉ်းထောင်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ထားဝယ်အကျဉ်းထောင်အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)