Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၁၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ ရိက္ခာဂိုဒေါင် စီးနင်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးဟုဆို

ထိုင်း-မြန်မာနယ်စပ်တစ်နေရာရှိ စစ်ကောင်စီရဲ့ ရိက္ခာဂိုဒေါင်ကို စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိတယ်လို့ ကရင်နီတပ်မတော်(KA)တပ်ရင်း-၂ က ထုတ်ပြန်ပါတယ်။ သြဂုတ် ၁၃ ရက်က ကရင်နီပြည် နယ်စပ်ရှိ စစ်ကောင်စီရဲ့ ရိက္ခာဂိုဒေါင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခဲ့တဲ့ ရိက္ခာဂိုဒေါင်တည်နေရာကို လုံခြုံရေးအရ ကရင်နီတပ်မတော် တပ်ရင်း (၂)တာဝန်ရှိသူက ထုတ်မပြောပါဘူး။ ဆက်သွယ်ရေးစက်ကြီးတစ်လုံးအပါအဝင် လက်နက်လေးလက်နဲ့ ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။ အခုသီတင်းပတ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်မှ သေဆုံးမှုများစွာရှိနေပြီး ဖားဆောင်း၊ ဒီးမော့ဆို နဲ့ ဖရူဆိုတိုက်ပွဲတွေမှာလည်း လက်နက်နဲ့ ခဲယမ်းများ ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့ပါတယ်။ စစ်ကောင်စီက မယ်စဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအပါအဝင် ကရင်နီပြည်နယ်ရှိ အဓိက လမ်းမကြီးများကို ထိန်းချုပ်နိုင်ရေး အပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။

(သိမ်းဆည်းရရှိသော လက်နက်ခံယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KA Battalion No.2)
(သိမ်းဆည်းရရှိသော လက်နက်ခံယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – KA Battalion No.2)

▪️မြဝတီမြို့ လက်ခတ်တောင်စခန်းပြန်ရရေး စစ်ကောင်စီနဲ့ BGFက လက်နက်ကြီးပစ်ကူ အလုံးအရင်းသုံး ထိုးစစ်ဆင်နေ၊ လေကြောင်းပါသုံး

ကရင်ပြည်နယ် မြ၀တီမြို့နယ် လက်ခတ်တောင်ကြောကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တို့က ဒီနေ့မနက်မှာ လက်နက်ကြီးပစ်ကူ အလွန်အကျွံသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေလည်း ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းထိုးလာရာ နှစ်ကြောင်းမှာ ပြန်ဆုတ်သွားတယ်လို့လည်း သိရပါတယ်။ လက်ခတ်တောင်စခန်းကို KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်က ဇူလိုင် ၂၁ ရက်မှာ သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က အဲဒီနေရာကို ပြန်ရရေး ဇူလိုင် ၂၄ ရက်ကစလို့ ပြန်လည်ထိုးစစ်ဆင်နေရာ တိုက်ပွဲများ ၁၀ ကြိမ်ထက်မနည်းဖြစ်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့မှ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ ဒီနေ့မှာ စစ်ကောင်စီနဲ့ BGF ပူးပေါင်း‌ပြီး အရင်နေ့တွေထက် လက်နက်ကြီး ပစ်ကူများစွာ သုံးပြီး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ KNU သတင်းရင်းမြစ်က ပြောပပါတယ်။ လက်ခတ်တောင်စခန်းပြန်ရရေး စစ်ကောင်စီက အကြိမ်ကြိမ် ကြိုးပမ်းနေပေမယ့် တောင်ခြေပင် မကပ်နိုင်သေးဘဲ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၇ ဦး သေဆုံးကာ ၃၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ကော်ဘရာ စစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။

(ကရင်ပြည်နယ်၌ တိုက်ခိုက်ရန်ပျံသန်းနေသော စစ်ကောင်စီလေယာဥ်တစ်စင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကရင်ပြည်နယ်၌ တိုက်ခိုက်ရန်ပျံသန်းနေသော စစ်ကောင်စီလေယာဥ်တစ်စင်းအား တွေ့ရစဥ်။ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

▪️ဘုတလင်မှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် မောင်းထောင်ကျေးရွာအနီး နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကောင်စီတပ်က ၎င်းတို့ မီးရှို့သွားလို့ မီးငြှိမ်းသတ်နေတဲ့ ပြည်သူများကိုပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သြဂုတ် ၁၁ ရက် နေ့ခင်းက စစ်ကောင်စီရဲ့ အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ – ၄)လက်အောက်ခံ ခမရ(၇၀၂)နဲ့ (၇၀၈)တို့ပူးပေါင်းထားတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းဟာ ဘုတလင်မြို့နယ်၊ မောင်းထောင်စံပြကျေးရွာသို့ ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဲဒီနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ထိတွေ့မှုတိုက်ပွဲများ ဖြစ်ပွါးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ မောင်းထောင်ကျေးရွာမှ ဒေသခံပြည်သူ နှစ်ဦးအပါအဝင် ၁ဝ ဦးခန့်ကို ဖမ်းဆီးကာ ဒီနေ့ ဘုတလင်မြို့ပေါ် ပြန်လည်ဝင်ရောက်သွားတယ်လို့ ဒေသခံများက ပြောပါတယ်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် သခွတ္တနယ်ရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် သခွတ္တနယ်ရွာအား တွေ့ရစဥ်။ ဓာတ်ပုံ – Cj)

▪️မုံရွာမြို့ရှိ တိုင်းရဲရုံး၊ ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ တိုင်းရဲတပ်ဖွဲ့ရုံး၊ စစ်ကောင်စီအကြီးအကဲများအစည်းအဝေးလုပ်နေတဲ့ အဆောင်အပါအဝင် ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ စစ်ဆေးရေးဂိတ်မတို့ကို သုံးရက်ဆက် မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေး တာဝန်ရှိသူက ပြောပါတယ်။ သြဂုတ် ၁၃ ရက်ကစလို့ ဒီနေ့ မနက်ပိုင်းအထိ သုံးရက်ဆက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဝင် သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ အစည်းအဝေးသို့လာရောက်တဲ့ ကားများလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဝင်များ ထိခိုက်မှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ၎င်းတို့က လက်နက်ကြီး၊ ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် စစ်ဆင်ရေးရဲဘော်များ အထိအခိုက်မရှိဘူးလို့ အသိပေးပါတယ်။

(ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးရဲဘော်များ စစ်ကောင်စီတပ်အား တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - ဒေါင်းတမန်)
(ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးရဲဘော်များ စစ်ကောင်စီတပ်အား တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ ဓာတ်ပုံ – ဒေါင်းတမန်)

▪️ကန့်ဘလူမြို့နယ်မှ စစ်တပ်နဲ့ပျူစခန်းကို PDFများတိုက်ခိုက်၊ စစ်တပ်က ​လေ​ကြောင်းနဲ့ တုန့်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ယမနေရွာရှိ စစ်​ကောင်စီတပ်နဲ့ ပျူပူး​ပေါင်းစခန်းကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ရာ စခန်းသိမ်းလုခါနီးမှာ စစ်တပ်က​ လေ​ကြောင်းမှ လာ​ရောက်ပစ်ကူခဲ့​​တာ​ကြောင့် ပြန်ဆုတ်ခဲ့တယ်လို့ PDF အချို့က ​ပြောပါတယ်။ ကန့်ဘလူမြို့နယ်‌တောင်ပိုင်း၊ ရွှေဘို- မြစ်ကြီးနားလမ်းဘေးရှိယမနေရွာ စစ်ကောင်စီစခန်းကို ဩဂုတ် ၁၂ ရက် က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအထိနာခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီနဲ့ ပျုစောထီး ပူပေါင်းအင်အား ၃၀ ဦးထက်မနည်း တပ်စွဲထားတဲ့ အဲဒီစခန်းမှာ နှစ်နာရီနီးပါးကြာတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲဝင် ခြောက်ဦးသာ တွေ့ရတော့တယ်လို့ တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

▪️ဖားကန့်မြေစာပုံပြိုကျမှု ရုပ်အလောင်း ၆ လောင်းတွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မနရွာ မြေစာပုံပြိုကျရာမှာ ပျောက်ဆုံးနေသူ ၃၇ ဦးအနက် ဒီနေ့မနက်ပိုင်းမှာ ၆ ဦးရဲ့ရုပ်အလောင်းကိုပြန်တွေ့ရပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။ နွံ့ကန်ထဲကနေ ရုပ်အလောင်းအချို့ ပြန်ပေါ်လာတာဖြစ်ပြီး ထပ်ပေါ်လာဖို့လည်းရှိနိုင်ကာ မိုးဆက်တိုက်ရွာနေတော့ အန္တရာယ်များသလို သယ်ရတာလည်း ခက်ခဲမှုတွေရှိနေတယ်လို့ ကယ်ဆယ်ရေးပါဝင်သူ အမျိုးသားတစ်ဦးကပြောပါတယ်။ ဩဂုတ် ၁၃ ရက် ညနေပိုင်းက မနရွာမှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူတွေပါသွားတာပါ။

(မနမှော် မြေစာပုံပြိုကျပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TH)
(မနမှော် မြေစာပုံပြိုကျပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – TH)

▪️မြင်းမူနယ်မှာ စစ်ဘေးရှောင်ပြည်သူလေးဦးကို စစ်တပ် ပစ်သတ်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာကြောင့် မြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်း၊ မြင်းမူနယ်သို့ သွားရောက်တိမ်းရှောင်နေတဲ့ ပြည်သူလေးဦး စစ်ကောင်စီတပ် ပစ်သတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မြင်းမူမြို့နယ်ရှိ ရွာတော်လေးကျေးရွာကို စစ်ကောင်စီတပ်က ပစ်ခတ်စီးနင်းခဲ့ရာ ငါန်းဇွန်မြို့နယ်မှ ရွာတော်လေးရွာသို့ လာရောက်နေထိုင်နေတဲ့ စစ်ဘေးရှောင်ပြည်သူ လေးဥဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တာလို့ ဒေသခံများက ပြောပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်ဟာ ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

(ငါန်းဇွန်မြို့နယ် ရွှေပေါက်ပင်ကျွန်းရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် သံဃာတော်တစ်ပါးက မီးငြှိမ်းသတ်နေသည်ကို ၂၀၂၃ ဇန်နဝါရီ ၁၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − အရှင်အဂ္ဂဝံသ)
(ငါန်းဇွန်မြို့နယ် ရွှေပေါက်ပင်ကျွန်းရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် သံဃာတော်တစ်ပါးက မီးငြှိမ်းသတ်နေသည်ကို ၂၀၂၃ ဇန်နဝါရီ ၁၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − အရှင်အဂ္ဂဝံသ)