Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုနယ်တွင် အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ်အား နှစ်ကြိမ်တိုက်ခိုက်

စစ်ဆင်ရေးနှစ်ခုလုံးကို 96 Soldiers-PDF (အညာဒေသတပ်ခွဲ)နှင့် Burma Rangers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(96 Soldiers-PDF တပ်မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - 96 Soldiers-PDF)
(96 Soldiers-PDF တပ်မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - 96 Soldiers-PDF)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ခြမ်းတွင် အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား နှစ်ကြိမ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

သြဂုတ် ၁၆ရက် နံနက် ၁၁နာရီခန့်က ကျောက်မြောင်းဘက်မှလာသော အင်အား ၁၀၀ခန့် စစ်ကြောင်းသည် ရွှေဘိုနယ်အရှေ့ခြမ်းရှိ ဂွေးပင်ကုန်းကျေးရွာ မီးရှို့ပြီး ဟန်လင်းကျေးရွာဘက် လာရောက်စဥ် အဆိုပါစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Burma Rangers အဖွဲ့တာဝန်ရှိသူက ပြောသည်။

နှစ်ဖက်ထိတွေ့ ပစ်ခက်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားပြီးစစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိသည်ဟု Burma Rangers အဖွဲ့တာဝန်ရှိသူကဆိုသည်။

ထို့အပြင် ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတစ်နေရာတွင်လည်း စစ်သားများတင်ဆောင်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း 96 Soldiers-PDF (အညာဒေသတပ်ခွဲ)က ထုတ်ပြန်သည်။

“ကျောက်မြောင်းဘက်ကနေ ထိုးလာတာ။ ဟံလင်းရွာဘက်ကိုထိုးတာ။ ဟန်လင်းကို အင်အားဖြည့်တယ်လို့ကြားတယ်”ဟု Burma Rangers အဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ဆင်ရေးနှစ်ခုလုံးကို 96 Soldiers-PDF (အညာဒေသတပ်ခွဲ)နှင့် Burma Rangers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သြဂုတ် ၁၅ ရက်ကလည်း ရွှေဘိုမြို့အဝင်၌ စစ်တပ်ရိက္ခာတင်ယာဉ်နှင့် စစ်ကောင်စီတပ်သားများကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့သေးသည်။