Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့တွင် စစ်ကောင်စီတပ်က အမွှာကလေးငယ်အပါအဝင် နှစ်ဦးပစ်သတ်ပြီး မိခင်နှင့်ကျန်ကလေးငယ်ကို ဖမ်းဆီး

စစ်ကောင်စီတပ်သည် ကလေးမိခင်မသီတာဦးနှင့်အတူ အသက်ရှင်ကျန်ခဲ့သည့် အမွှာကလေးငယ်တစ်ဦးအပါအဝင် အိမ်နီးချင်းအမျိုးသားတစ်ဦးပါ ဖမ်းဆီးသွားကြောင်း၊ သေဆုံးကလေးငယ်၏ ရုပ်အလောင်းကိုလည်း ယူဆောင်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

(ကလေးမိခင်မသီတာဦးထံမှ တွေ့ရှိဟုဆိုကာ စစ်ကောင်စီဘက်က ဝါဒဖြန့် ထုတ်ပြန်ထားသော ဓာတ်ပုံအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)
(ကလေးမိခင်မသီတာဦးထံမှ တွေ့ရှိဟုဆိုကာ စစ်ကောင်စီဘက်က ဝါဒဖြန့် ထုတ်ပြန်ထားသော ဓာတ်ပုံအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ မြကန်သာရပ်ကွက်ရှိ နေအိမ်တစ်အိမ်အား စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့၍ (၁)နှစ်ခွဲအရွယ်ကလေးငယ်အပါအဝင် နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (သြဂုတ် ၁၇ရက်)ည ၁၁နာရီခန့်က ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ရှိ မသီတာဦးဆိုသူ၏ နေအိမ်သို့ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်က UG ရဲဘော်များရှိသည်ဟု သတင်းပေးမှုကြောင့် ပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ပစ်ခတ်စီးနင်းမှုကြောင့် မသီတာဦး၏ အသက် (၁)နှစ်ခွဲအရွယ် အမွှာကလေးငယ်တစ်ဦး၏ ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ကြောင်း အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောသည်။

ထို့အပြင် အိမ်နီးချင်းမှ အိပ်ပျော်နေသော အသက် (၅၃)နှစ်အရွယ် ကိုဖိုးပိန်ဆိုသူလည်း ကျည်ထိမှန်သေဆုံးခဲ့ပြီး အခြားပြည်သူ သုံးဦးသည်လည်း ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“သတင်းပေးခံရတာ။ အဲကလေးတွေအိမ်မှာ UG တွေရောက်နေတယ်ဆိုပြီး သတင်းအမှား​ပေးတာ။ အိမ်ရှင်တွေက ဝိုင်းတယ်ဆိုတော့ ထွက်ပြေးတာ။ ထွက်ပြေးတော့ဘေးနားက နေအိမ်တွေကိုပါ လှမ်းပစ်တာ။ အသက်ရှင်ကျန်တဲ့ ကလေးကောမိသားစုတွေကော ဖမ်းသွားတယ်။” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ကလေးမိခင်မသီတာဦးနှင့်အတူ အသက်ရှင်ကျန်ခဲ့သည့် အမွှာကလေးငယ်တစ်ဦးအပါအဝင် အိမ်နီးချင်းအမျိုးသားတစ်ဦးပါ ဖမ်းဆီးသွားကြောင်း၊ သေဆုံးကလေးငယ်၏ ရုပ်အလောင်းကိုလည်း ယူဆောင်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၃ရက်အတွင်းက ရွှေဘိုမြို့ပေါ်တွင် ခင်ဦးအခြေစိုက် UGရဲဘေ်တစ်ဦး ဖမ်းဆီးခံလိုက်ရမှုနှင့် ဆက်စပ်နိုင်ကြောင်း ခင်ဦးအခြေစိုက် ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်ကမူ အဆိုပါအမျိုးသမီးအား လက်နက်များနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“အဲဒါက စစ်ကောင်စီဝါဒဖြန့်တဲ့ လုပ်ကြံဇာတ်လမ်းပဲ ပြောချင်တယ်။ အဲဒီအမျိုးသမီးကလည်း သာမန်အရပ်သားပြည်သူပဲ”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မသီတာဦး နေအိမ်၌ UG ရဲဘော်များနေထိုင်ကြောင်းနှင့် ၎င်းတို့နှင့် ဆက်စပ်ကြောင်း စစ်​ကောင်စီနှင့် မီဒီယာ​အချို့က ရေးသားဖော်ပြကြသော်လည်း People’s Spring က သီးခြားအတည်မပြုနိုင်ပေ။

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း (၂)နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတဝှမ်း ကလေးသူငယ် ၃၉၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး တစ်နိုင်ငံလုံး သေဆုံးသူအားလုံးအနက် ကလေးသူငယ်သေဆုံးမှုက ၉ ဒသမ ၈၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ပြီးခဲ့သည့် မေလက ထုတ်ပြန်ထားသည်။

ယခုနှစ် ဇန်နဝါရီမှ ဧပြီအထိ လေးလတာအတွင်း သေဆုံးသည့် ကလေးအရေအတွက်၁၂၃ ဦးရှိခဲ့ပြီး စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် အများဆုံး သေဆုံးခဲ့သည်။