Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (အောက်တိုဘာ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ထီးချိုင့်မြို့နယ် ဒီနေ့ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ပျဉ်းစုကျေးရွာအနီးမှာ ဒီနေ့ မနက်အစောပိုင်းကစလို့ တိုက်ပွဲပြင်းထန်နေပြီ နေ့ခင်းဘက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ မြေပြင်အခြေအနေကို အသေးစိတ်မသိရသေးပေမယ့် စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်ရာမှ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ ထီးချိုင့်မြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းက နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီတုန်းက စစ်ကောင်စီတပ် အထိနာခဲ့ပါတယ်။

(KIA၊PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(KIA၊PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️မိုးကုတ်မြို့နယ်မှာ မနေ့က တိုက်ပွဲနှစ်နေရာဖြစ်ဟု TNLA အသိပေး

မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ မနေ့က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က TNLA ရှိရာသို့ အင်အား ၁၅၀ ကျော်ဖြင့် ထိုးစစ်ဆင်လာတာကြောင့် မနက်ပိုင်းမှာ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းနဲ့ ဖြူရောင်ကျေးရွာကြားမှာ တစ်ကြိမ်၊ နေ့ခင်းပိုင်းမှာ အထက်ညောင်ကုန်းကျေးရွာအနီး တစ်ကြိမ် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။ နှစ်ဖက်ထိခိုက်ကျဆုံး ရှိ၊မရှိ အခြေအနေကို မသိရသေးပါဘူး။ TNLAနဲ့ စစ်ကောင်စီတပ်တို့ဟာ ဇူလိုင် ၂၃ ရက်မှစလို့ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ မနေ့ကအထိ တိုက်ပွဲ အကြိမ်ပေါင်း ၇၀ ရှိပြီလို့ သိရပါတယ်။

(မိုးကုတ်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မိုးကုတ်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️မိုးမောက်နယ်မှာ စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့ဘက်သို့လာတဲ့ စစ်ကောင်စီယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ အောက်တိုဘာ ၁၁ ရက် နေ့ခင်းက ဒေါ့ဖုန်းယန် အောက်ဘက် နောင်ကွန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ​ရဲ့ အမတ(၃၇၀)တပ်များက စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က အင်အား ၃၀ ကျော်ဖြင့် လက်နက်ခဲယမ်းများအပါအဝင် ယာဥ်ငါးစီးဖြင့် လွယ်ဂျယ်သို့ ဦးတည်စဥ် KIA လှုပ်ရှားတပ်ရင်း(၄၇)တပ်ဖွဲ့များက တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပြီး နှစ်ဖက်ထိခိုက်ကျဆုံး ရှိ၊မရှိ မသိရသေးပါဘူး။ ကချင်ပြည်နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ရှိတယ်လို့ သိရပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️တော်လှန်ရေးကာလ လိင်အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို အရေးယူပေးရေး သပိတ်အင်အားစုများတောင်းဆို

နွေဦးတော်လှန်ရေးကာလအတွင်း လိင်အကြမ်းဖက်မှုများနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို ထိရောက်သော အရေးယူဒဏ်ခတ်မှုများ အကောင်အထည်ဖော်နိုင်ဖို့ သပိတ်အင်အားစုများက ဒီနေ့ စုပေါင်းတောင်းဆိုပါတယ်။ တော်လှန်ရေး(၂)နှစ်ခွဲကျော်အတွင်း ရဲမေစစ်သည်များ၊ တက်ကြွလှုပ်ရှားသူများ၊ အသက်မပြည့်သေးတဲ့ ကလေးငယ်များနဲ့ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း၊ မဖွယ်မရာပြုခြင်းနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းတို့ကို နေရာအနှံ့အပြားမှာ သိမြင်ကြားသိရကြောင်း လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ(GSCN) က ဖော်ပြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေဖြင့် လက်ရှိကြားကာလမှာ သာမက နောင်အသွင်ကူးပြောင်းရေးကာလမှာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း၊ မဖွယ်မရာပြုခြင်းခံရသူများအား အကာအကွယ်ပေးခြင်း၊ ကျူးလွန်စော်ကားသူများကို ထိရောက်စွာ အပြစ်ပေးအရေးယူခြင်းနဲ့ အဲဒီဖြစ်ရပ်များ မပေါ်ပေါက်စေဖို့ ထိန်းကျောင်းခြင်းတို့ လိုအပ်တယ်လို့ တော်လှန်ရေးအင်အားစုများက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

▪️ရေစကြိုမြို့မရဲစခန်းကို PDFများ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့မရဲစခန်းကို PDF နှစ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မနေ့ညပိုင်းက ရေစကြိုမြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုနဲ့ နွေဦးစစ်သည်ရေလယ်ကျွန်းစစ်ကြောင်းတို့က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲစခန်းအတွင်းထိ ဝင်ရောက်ဖို့ ကြိုးပမ်းပေမယ့် ခဲယမ်းမလုံလောက်လို့ ပြန်ဆုတ်ခဲ့ရတယ်လို့ ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

(ထွက်ပြေးတိမ်းရှောင်နေရသော ရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)
(ထွက်ပြေးတိမ်းရှောင်နေရသော ရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

▪️မိတ္ထီလာမြို့ရှိ မေတ္တာအေးပုဂ္ဂလိကဆေးခန်းကို စစ်ကောင်စီ ပိတ်သိမ်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ မေတ္တာအေးပုဂ္ဂလိကဆေးခန်းကို စစ်ကောင်စီက ပိတ်သိမ်းဖို့ အမိန့်ထုတ်ထားတယ်လို့ မြို့ခံများက ပြောပါတယ်။ မိတ္ထီလာမြို့ရှိ မေတ္တာအေး အထွေထွေရောဂါရှာဖွေရေးနှင့် ပုဂ္ဂလိကဆေးခန်းကို တိုင်ကြားခံရသည်ဆိုကာ လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ ပိတ်သိမ်းဖို့ စစ်ကောင်စီက မတရားထုတ်ပြန်ထားတာလို့ မိတ္ထီလာမြို့ခံများက ဆိုပါတယ်။ မေတ္တာအေး ဆေးခန်းဟာ ဆေးရုံအဆင့်ရှိပြီး ဝန်ဆောင်ခသင့်တင့်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်းတို့ကြောင့် နယ်များမှ လာရောက်ဆေးကုသသူများရှိတယ်လို့ သိရပါတယ်။

(ပိတ်သိမ်းခံရသည့် မေတ္တာအေး အထွေထွေရောဂါရှာဖွေရေးနှင့် ပုဂ္ဂလိကဆေးခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ပိတ်သိမ်းခံရသည့် မေတ္တာအေး အထွေထွေရောဂါရှာဖွေရေးနှင့် ပုဂ္ဂလိကဆေးခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကို သတိထားဖို့ နှိုးဆော်

စစ်ကိုင်းတိုင်း ပုလဲ၊ ဆားလင်ကြီးနဲ့ ယင်းမာပင်မြို့နယ်တို့မှာ စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်လာနိုင်လို့ ပြည်သူများသတိရှိကြဖို့ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)က သတိပေးချက်ထုတ်ပြန်ပါတယ်။ မနေ့ညနေပိုင်းက စတင်သတိပေးခြင်းဖြစ်ပြီး ဒီနေ့မှာလည်း လေကြောင်းအန္တရာယ်ရှိနေတယ်လို့ ULF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ပုလဲမြို့နယ်ကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်လာစဉ် အဲဒီစစ်ကြောင်းလုံခြုံရေးပေးဖို့အတွက် စစ်ကောင်စီက လေကြောင်းပျံသန်းမှုများ ပြုလုပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောပါတယ်။ စစ်ကောင်စီယာဉ်တန်းဟာ ဒီနေ့ ပုလဲမြို့ပေါ်မှာ ရှိနေပြီး မင်းတိုင်ပင်နဲ့ နှောကုန်းကျေးရွာအပါအဝင် လမ်းတလျှောက်ရှိကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။