Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်ရင်းမှူး တစ်ဦးကို ထပ်မံချေမှုန်းနိုင်၊ တပ်ရင်းမှူးတစ်ဦးကို အရှင်မိဟု MNDAA ထုတ်ပြန်

MNDAAနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့တို့သည် လူသားချင်းစာနာ ထောက်ထားမှုအရ စစ်နယ်မြေတွင်စွန့်လွတ်ခံရသောစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကို မြေမြုပ်ပေးခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၇ ရက်က MNDAAမှ စစ်ကောင်စီတပ်ရင်း(၆၉)၏တပ်ရင်းမှူး ဖမ်းဆီးရရှိချိန် ပါဆောင်လာသော ဒုဗိုလ်မှူးကြီးရာထူးတံဆိပ်။
နိုဝင်ဘာလ ၂၇ ရက်က MNDAAမှ စစ်ကောင်စီတပ်ရင်း(၆၉)၏တပ်ရင်းမှူး ဖမ်းဆီးရရှိချိန် ပါဆောင်လာသော ဒုဗိုလ်မှူးကြီးရာထူးတံဆိပ်။

▪️ကုန်ကြမ်းတပ်စခန်း(၁)ခုနှင့် ကျောက်မဲစစ်ဆေးရေးဂိတ်ကိုသိမ်းပိုက်နိုင်ဟု အသိပေး

စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးကိုထပ်မံ ချေမှုန်းနိုင်ခဲ့ပြီး တပ်ရင်းမှူးတစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ အသိပေးထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ၁လပြည့် နိုဝင်ဘာ ၂၇ရက် စစ်ရေး အခြေအနေကို အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။

နိုဝင်ဘာ၂၇ ရက်က MNDAAနှင့် မဟာမိတ်တပ်ပေါင်းစုတို့သည် ကျောက်မဲနှင့် လားရှိုးကြားရှိ ခုတန်စေတီ High Pointကို သိမ်းပိုက်ပြီးနောက် ကိုးကန့်ကုန်ကြမ်းတပ်စခန်း တစ်ခုနှင့် ကျောက်မဲ စစ်ဆေးရေးဂိတ်ကို လည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးပြီး စစ်ဆင်ရေး တစ်လတာ အတွင်း တပ်စခန်း ၁၈၀ ထိ သိမ်းပိုက်ရရှိခဲ့သည်ဟု အသိပေးသည်။

TNLAက သိမ်းပိုက်ထားသည့် တပ်စခန်း ၄၇ ခုအပါအဝင် စစ်ဆင်ရေးအတွင်းတပ်စခန်း ၂၂၇ ခုထက်မနည်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ၂၇ရက်က ကုန်ကြမ်ရှင်းကိုင်းတပ်စခန်းတွင်သိမ်းဆည်းရရှိသော စစ်ကောင်စီတပ်​၏ လက်နက်များ။ ဓာတ်ပုံ - The Kokang
နိုဝင်ဘာ၂၇ရက်က ကုန်ကြမ်ရှင်းကိုင်းတပ်စခန်းတွင်သိမ်းဆည်းရရှိသော စစ်ကောင်စီတပ်​၏ လက်နက်များ။ ဓာတ်ပုံ – The Kokang

ကုန်းကြမ်းဒေသတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက် ၈လက် ရရှိခဲ့ကြောင်း၊ ထို့ပြင် ရှီးရှမ်းဒေသ တာရွှေထန်အုပ်စု ၊ ရှောက်ပတ်အိုင်နေရာသို့ထွက်ပြေးလားသော စကခ(၁၆)လက်အောက်ခံ တပ်ရင်း(၆၉)၏ တပ်ရင်းမှူးကိုဖမ်းဆီးရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကျောက်မဲတိုက်ပွဲကို ဖော်ပြရာ နိုဝင်ဘာ ၂၇ရက် မွန်းလွဲပိုင်းတွင် MNDAAနှင့် TNLAတပ်ဖွဲ့တို့ပူးတွဲပြီး စစ်ကောင်စီတပ်ဖွဲ့အခြေချနေထိုင်သော ကျောက်မဲ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်ဦးစွာပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ခြေလျင်တပ်ဖြင့် ထိုးစစ်ဆင်ပြီး ညနေပိုင်း၌ စစ်ဆေးရေးဂိတ်ကိုသိမ်းပိုက်နိုင်ခဲံ့ ကြောင်း ဖော်ပြသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ရင်း (၅၇၉)တပ်ရင်းမှူးကို ပစ်သတ်ချေမှုန်းနိုင်ခဲ့သည်ဟု ဖော်ပြသည်။

မုံးကိုးဒေသ စစ်ရေးအခြေအနေကို ဖော်ပြရာ နိုဝင်ဘာ ၂၆ ရက်နေ့သိမ်းပိုက်ရရှိခဲ့သော လုံခမ်းတပ်စခန်းပတ်လည်ကို ရှင်းလင်းရှာဖွေစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ လုံခမ်းတပ်စခန်းတွင်နေထိုင်သော နန်းဖကာပြည်သူ့စစ်၏ ခေါင်း ဆောင်ငယ်တစ်ဦးကို ဖမ်းဆီးရရှိခဲ့သည်ဟုဆိုသည်။

MNDAAနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့တို့သည် လူသားချင်းစာနာ ထောက်ထားမှုအရ စစ်နယ်မြေတွင်စွန့်လွတ်ခံရသောစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကို မြေမြုပ်ပေးခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

ယမန်နေ့(နိုဝင်ဘာ၂၈ရက်)က စစ်ကောင်စီ၏ ကုန်းကြမ်းအခြေစိုက် ခလရ(၁၂၅)တပ်က တပ်ရင်းအလိုက် အလံဖြူထောင် အလင်းဝင်ခဲ့၍ ကုန်းကြမ်းဒေသကို သိမ်းပိုက်ထားနိုင်ပြီဟု MNDAAက အသိပေးသည်။

(နိုဝင်ဘာလ ၂၇ ရက်က MNDAAမှ စစ်ကောင်စီတပ်ရင်း(၆၉)၏တပ်ရင်းမှူး ဖမ်းဆီးရရှိချိန် ပါဆောင်လာသော ဒုဗိုလ်မှူးကြီးရာထူးတံဆိပ်။ နိုဝင်ဘာ၂၇ရက်က ကုန်ကြမ်ရှင်းကိုင်းတပ်စခန်းတွင်သိမ်းဆည်းရရှိသော စစ်ကောင်စီတပ်​၏ လက်နက်များ။ ဓာတ်ပုံ – The Kokang)