Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် CDF တိုက်ပွဲဆက်ဖြစ်

စစ်ကောင်စီတပ်က ထိုသို့လမ်းများ ဖျက်ထားသော်လည်း CDF တပ်ဖွဲ့များ ဝင်ရောက်လိုပါက ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းလည်းဒေသခံက ပြောသည်။

(စစ်ကောင်စီ ဖျက်ဆီးထားသည့် လမ်းပိုင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Hkl Mindat/FB)
(စစ်ကောင်စီ ဖျက်ဆီးထားသည့် လမ်းပိုင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Hkl Mindat/FB)

▪️မြို့အဝင်လမ်းအချို့ကို စစ်ကောင်စီ ဖျက်ဆီး

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် နှင့် စစ်ကောင်စီတို့ ယနေ့ညနေပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံက အသိပေးသည်။

နိုဝင်ဘာ ၂၆ရက်က မင်းတပ်မြို့ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို CDFက အလစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ပြီး ယနေ့(နိုဝင်ဘာ ၂၉ရက်)တွင်လည်း မင်းတပ်မြို့တစ်နေရာ၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို CDFက ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့တိုက်ပွဲ၌ ထိခိုက်မှု အခြေအနေကို မသိရသေးပေ။

စစ်ကောင်စီတပ်ကလည်း ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့အဝင် နေရာအချို့၌ စစ်ကောင်စီကလမ်းဖျက်ဆီးမှု ပြုလုပ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

မင်းတပ်မြို့အဝင် ဦးဝမ္မသူးမောင်းပန်းခြံနှင့် စံလယ်ကြီးကျေးရွာကို ပြည်သူများသွားလာရန် အသစ်ဖောက်လုပ်ထားသောလမ်းအား စစ်ကောင်စီက သွားလာ၍မရအောင် ဖျက်ထားသကဲ့သို့ အခြားတစ်နေရာကိုလည်း စစ်ကောင်စီက ဖျက်ဆီးထားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မြို့သိမ်းလာတိုက်မှာကို စိုးရိမ်ပြီးဖျက်တဲ့ သဘောထင်ပါတယ်။ ကြားလမ်းတွေဆိုတော့ သူတို့ကမသိရဘူးလေ။ လာမလာကို။ ဖျက်ထားတာ ၂နေရာပါ။”ဟု မင်းတပ်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က ထိုသို့လမ်းများ ဖျက်ထားသော်လည်း CDF တပ်ဖွဲ့များ ဝင်ရောက်လိုပါက ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းလည်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က မြို့အဝင်နေရာများကို မိုင်းများထောင်ထား၍ သတိထားသွားလာကြရန်လည်း ဒေသခံကပြည်သူများကို အသိပေးထားသည်။

ထို့ပြင် စစ်ကောင်စီတပ်က လက်နက်ကြီးများရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်နေ၍ မင်းတပ်မြို့ တောင်ဘက် ကျော့တော်ရွာအကြားရှိ ယာခင်းအတွင်းကျရောက်ပေါက်ကွဲကာ လူနေအိမ်ပျက်စီးသည့်အပြင် အသက် ၄၀ ဝန်းကျင်အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံက ပြောသည်။