Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီ၏ Y12 ဗုံးကြဲလေယာဉ်ကို KIA ပစ်ချနိုင်ဟုသတင်းထွက်​ပေါ်

စစ်ကောင်စီ လေယာဉ် ပစ်ချခံရသည့် သတင်းနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ People’s Spring ကဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

( စစ်​​ကောင်စီက ဗုံးကြဲ​လေယာဥ်ဖြင့် အသုံးပြု​နေ​သော Y-12 ​လေယာဥ်တစ်စီး။ဓါတ်ပုံ-Airliners )
( စစ်​​ကောင်စီက ဗုံးကြဲ​လေယာဥ်ဖြင့် အသုံးပြု​နေ​သော Y-12 ​လေယာဥ်တစ်စီး။ဓါတ်ပုံ-Airliners )

▪︎”Y12တစ်စီးအဆက်အသွယ်ပြတ်သွားတယ်လို့ စက်တွေကနေ ပေါက်နေတယ်လို့ သိရတယ်။ ကျန်တာတော့ ကျွန်တော်တို့မသိဘူး”-ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦး

ထားမြတ်၊​ဇော်ရမ်း /People’s SPring

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုရွာအနီး ဒေသတွင် စစ်ကောင်စီ၏ Y12 လေယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပစ်ချနိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်နှင့် ​ဒေသခံ အချို့က ပြောသည်။

KIA က ဝိုင်းမော်မြို့နယ်အတွင်း စစ်စခန်းများဆက်တိုက်သိမ်းပိုက်ပြီး မြစ်ကြီးနားမြို့ အနီး​ရောက်လာချိန်တွင် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ကူတို့ဖြင့် အပြင်းအထန် ခုခံ​နေရာ မေလ ၂၆ရက် တွင် စစ်ကောင်စီ လေယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“ကျတာတော့ ကျပြီပြောတယ်။ Y12၊ ခတ်ချိုအနီးဟုတ်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယခု လေယာဉ် ပစ်ချခံရသည့် ခတ်ချိုရွာအနီးတွင် KIAနှင့် ပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှားမှုရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီက ခတ်ချိုရွာဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင်​ဒေသခံပြည်သူ ၆ဦးသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရခဲ့သည်။

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “ကျ(လေယာဉ် ပစ်ချခံရပြီး ပျက်ကျ)တယ်လို့တော့ ပြောနေကြတယ်”ဟု ပြောသည်။

​ဒေသခံတစ်ဦးက” ခပ်ချိုရွာအနောက်ဘက်က ငှက် ပျောတောထဲကို မီးခိုးတန်းပြီး ပျက်ကျတာ။ သူ့ဘာသာ အင်ဂျင်ချွတ်ယွင်းပြီး ပျက်ကျတာလား။ ပစ်တာလာ‌တော့ မသိဘူး” ဟု လူထု​နွေဦးသို့ ပြောသည်။

စစ်ကောင်စီ လေယာဉ်ငယ်တစီး မီးခိုးတန်းလျက် ငှက်ပျောတောအတွင်း ထိုးဆင်းသွားသည်ကို နေ့လယ် ၁နာရီ ၄၀ မိနစ်ခန့်က တွေ့ရှိခဲ့ခြင်းဟုလည်း ဒေသခံတဦးကပြောသည်။

ကချင်စစ်ရေးသတင်းများကို ဖော်ပြနေသည့် လူမှုကွန်ရက်စာမျက်နှာအချို့က ငှက်ကင်တကောင်ရရှိထားကြောင်း ရေးသားထားကြသော်လည်း အသေးစိတ်မသိရှိရသေးပေ။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် ဌာနဆိုင်ရာရရှိတစ်ဦးက ” Y12တစ်စီးအဆက်အသွယ်ပြတ်သွားတယ်လို့ စက်တွေကနေ ပေါက်နေတယ်လို့ သိရတယ်။ ကျန်တာတော့ ကျွန်တော်တို့မသိဘူး” ဟု ယနေ့ညနေ ၃နာရီခန့်တွင် ပြောသည်။

စစ်ကောင်စီ လေယာဉ် ပစ်ချခံရသည့် သတင်းနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ People’s Spring ကဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIAနှင့် နီးစပ်သည့်သတင်းမြစ်တစ်ဦးက စစ်ကောင်စီထောက်ပို့လေယာဉ်သည် ဧရာဝတီမြစ်အတွင်း ထိုးဆင်းသွားကြောင်း ကနဦးသိရှိထားသည်ဟု ပြောသည်။

ခပ်ချိုကျေးရွာသည် ဝိုင်းမော်မြို့နှင့် သုံးမိုင်ခန့်အကွာ၌ တည်ရှိသည်။ ထိုနေရာအနီး မုတ်လွဲရွာ၌ စစ်ကောင်စီက လက်နက်ကြီးများတပ်ဆင်၍ ခံစစ်ပြုလုပ်ထားသည်။ ယနေ့ (မေလ ၂၆ရက်) နံနက်ပိုင်း၌ပစ်ခတ်သံများမကြားရသော်လည်း မွန်းလွဲ ၂နာရီခန့်တွင် မုတ်လွဲရွာမှ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်နေကြောင်း သတင်းရရှိသည်။

KIAနှင့် ပူး‌ ပေါင်းတပ်များသည် ဝိုင်းမော်မြို့ရှိ အခိုင်အမာစစ်စခန်းဖြစ်သော ခမရ(၃၂၁)အပါအဝင် ရှေ့တန်းစခန်းအများပြားကို သိမ်းယူထားသည်။ ဝိုင်းမော်မြို့တွင် စစ်ကောင်စီ၏အခိုင်အမာစခန်းအနေဖြင့် ခလရ(၅၈) ကျန်ရှိနေသေးသည်။

နိုင်ငံတဝန်း တိုက်ပွဲများ၌ စစ်ကောင်စီက Y12 လေယာဉ် အသုံးပြု ပစ်ကူပေး တိုက်ခိုက်လျက်ရှိရာ အဆိုပါ လေယာဉ်အမျိုးအစားကို KIAက ပထမဆုံးအကြိမ်ပစ်ချခဲ့ခြင်းဖြစ်သည်။KIA အနေဖြင့် ယခုနှစ် ဆန်းပိုင်းက စစ်ကောင်စီတိုက်လေယာဉ် တစ်စီးနှင့် ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့သည်။

ဇန်ဝါရီ ၃ရက်က ဝိုင်းမော်မြို့နယ် နားဖော့ဒေသသို့လာသည့် စစ်ကောင်စီရဟတ်ယာဉ် ၂စီးကို KIAက ပစ်ခတ်ရာ တစ်စီး ပျက်ကျခဲ့သည်။ ထို့ပြင် ဇန်နဝါရီ ၁၆ရက်က ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ တိုက်ပွဲ၌ စစ်ကောင်စီ လေယာဥ်ကို KIAက ပစ်ချခဲ့ဖူးသည်။ စစ်တပ်အာဏာသိမ်း ၂၀၂၁ ခုနှစ် ဧပြီလကလည်း မိုးမောက်မြို့နယ် တိုက်ပွဲ၌စစ်ကောင်စီ ရဟတ်ယာဉ် ၁စီးကို KIAက ပစ်ချခဲ့ဖူးပြီး KIA ပစ်ချ​သော တိုက်​လေယာဥ် ၊ရဟတ်ယာဥ်မှာ ယခု​လေယာဥ်မတိုင်ခင်အထိ ၃ စီးရှိပြီဖြစ်သည်။

​နွေဦး​တော်လှန်​ရေးတွင် ​တော်လှန်​ရေးတပ်များကပစ်ချနိုင်ခဲ့​​သော စစ်​ကောင်စီတပ် တိုက်​လေယာဥ် ၊ရဟတ်ယာဥ်နှင့် သယ်ယူပို့​ဆောင်​ရေး​လေယာဥ် စုစု​ပေါင်း ၈ စီးရှိခဲ့သည်။ ယခု Y-12 ​လေယာဥ်ကို ပစ်ချကြောင်း အတည်ပြုပြီးပါက ၉ စီးရှိမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

၂၇ နှစ်အကြာတပ်စွဲထားပြီး အင်အား ၁၀၀ခန့် ရှိသည့် ဖူ့ချီမူတပ်စခန်းကို မေလ ၁၉ရက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲများက တိုက်ခိုက်သိမ်းပိုက်စဥ် စစ်ကောင်စီတပ်သား ၃၃ဦးမှာ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားခဲ့သည်။

သတင်း

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ထိတွေ့ဆွေးနွေးမှု ပြုလုပ်နေသည့် တပ်ဖွဲ့များလည်း ဖြစ်သည်။

သတင်း

စစ်ကောင်စီသည် ဝိုင်းမော်မြို့နယ် ခပ်ချိုကျေးရွာအနောက်ဖက် ငှက်ပျောစိုက်ခင်းများရှိသည့်နေရာများကို မေလ ၂၆ရက် ည ၇နာရီခန့်မှစတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဟု သတင်းရရှိသည်။

သတင်း

စစ်ကောင်စီတပ်သား ၃၀ ကျော်ထွက်ပြေးလွတ်မြောက်ကာ စခန်းအတွင်း သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ကျော်တွေ့ရှိရဟု အသိပေးသည်။