Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဉ့်ကူးမြို့နယ် ထုံးကြီးရွာစခန်းတိုက်ပွဲ စစ်ကောင်စီတပ်နှင့်ပျူ ၄ဝ ဖမ်းမိ

စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်လယ်ရှိ ထုံးကြီးကျေးရွာစစ်ကောင်စီစခန်းကို မန္တလေး PDF ဦး‌ဆောင်သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့(ဇူလိုင် ၁၈)ညနေပိုင်း၌ တိုက်ခိုက်သိမ်းယူစဉ် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၄၀ဦးအား ဖမ်းမိထားကြောင်း သတင်းရရှိသည်။

စဉ့်ကူးမြို့နယ် နွယ်ရုံရဲစခန်းသိမ်းတိုက်ပွဲပြီးနောက် တွေ့ရသော မန္တလေး PDFမှ ရဲဘော်များ။ ဓာတ်ပုံ - မန္တလေး PDF

ယောနသံ/People’s Spring

စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်လယ်ရှိ ထုံးကြီးကျေးရွာစစ်ကောင်စီစခန်းကို မန္တလေး PDF ဦး‌ဆောင်သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့(ဇူလိုင် ၁၈)ညနေပိုင်း၌ တိုက်ခိုက်သိမ်းယူစဉ် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၄၀ဦးအား ဖမ်းမိထားကြောင်း သတင်းရရှိသည်။

“ရွာသာယာဘက်ကို ထွက်ပြေးသူတွေလည်း ရှိတယ်။ ဖမ်းမိထားတာက ၄၀ဦးပါ။ စစ်ဆေးနေဆဲပါပဲ။ ထုံးကြီးရွာစခန်းကို အပြီးရပါပြီ”ဟု တိုက်ခိုက်ရာတွင်ပါဝင်သော ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထုံးကြီးရွာတွင် ပျူစောထီးများရှိပြီး စစ်ကောင်စီက အခိုင်အမာတပ်စွဲထားသည့် ဧရာဝတီမြစ် လယ်ရှိ ကျေးရွာဖြစ်သည်။ အဆိုပါကျေးရွာမှ ဘေးပတ်ဝန်းကျင်ရွာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ အရပ်သားပြည်သူများ မကြာခဏသေဆုံးမှုရှိခဲ့သည်။

ထုံးကြီးရွာကို မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်ဒုတိယပတ်အတွင်း စတင်တိုက်ခိုက်ခဲ့ပြီး ဧရာဝတီမြစ်ရေတက်လာ၍ တိုက်ပွဲကြာမြင့်ခဲ့သည်။

ယမန်နေ့(ဇူလိုင် ၁၇ရက်)ညက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်အစောပိုင်းတွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။

စစ်ကောင်စီအရာရှိအချို့နှင့် ပျူစောထီးအချို့ ရေကြောင်းမှ ထွက်ပြေးလွတ်မြောက်သွားသော်လည်း စုစုပေါင်း ၄၀ဦးကို ဖမ်းဆီးထားနိုင်သည်ဟု သတင်းရရှိသည်။

ယမန်နေ့တိုက်ပွဲအတွင်း ဧရာဝတီမြစ်ကြောင်းမှတဆင့်ထွက်ပြေးရန်ကြိုးပမ်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းမိခဲ့သည်။

” ထုံးကြီးရရင် စဉ့်ကူးက ရနေပြီ။ မန္တလေး PDF သတင်းထုတ်ပြန်ပါလိမ့်မယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဇူလိုင် ၁၇ရက် ည ၇ နာရီခန့်က စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်စိုးအောင် ရပ်ကွက်ရှိ စာသင်ကျောင်းအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသား သုံးဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဂျက်ဖိုက်တာနဲ့ လာပစ်တာ။ အဒေါ်ကြီးတစ်ယောက်လသေတယ်။ ရှောင်ချိန်ကိုမရဘူး။ မထင်မှတ်ဘဲလာပစ်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စဥ့်ကူးမြို့ကိုလည်း PDF များက ထိန်းထားနိုင်ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူမှုများကြောင့် မြို့ရှိနေအိမ်ရာချီ မီးလောင်ကျွမ်းပျက်စီးနေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကျောက်မြောင်းတံတားပိတ်ထား၍ စစ်ဘေးရှောင်များ ရွှေဘိုမြို့နယ်ဘက်သို့ကူးသန်း၍မရဘဲ စဥ့်ကူးမြို့အနီး ပိတ်မိနေကြောင်း သိရသည်။

စဉ့်ကူးမြို့တွင် လက်ရှိနောက်ဆုံးကျန်သောစစ်ကောင်စီစခန်းမှာ ရွာသာယာစခန်းဖြစ်ပြီး ယင်းရွာ၌ စစ်ကောင်စီအင်အားအနည်းငယ်သာရှိသည်ဟု သိရှိရသည်။

ဇွန်လ၂၅ရက်မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)နှင့်အတူ ရှမ်းမန်းစစ်ဆင်ရေးအတွင်း စဉ့်ကူးမြို့နယ်ရှိ ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်း၊ ပင်လယ်ကြီးစခန်းအပါအဝင် စခန်း ၁၁ခုကို မန္တလေး PDFနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီ၏ ယာယီသမ္မတဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်မလာသေးဘဲ အစားအသောက်စားနိုင်ခြင်းပင်မရှိသေးကြောင်း စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၈ရက်)ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မဈေးအတွင်း လူစည်ကားနေချိန် ယနေ့(ဇူလိုင် ၁၈) ညနေ ၅နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားထိခိုက်သေဆုံးမှုများပြားကြောင်း သတင်းရရှိသည်။

သတင်း

အာဏာသိမ်း မြန်မာ စစ်ကောင်စီအတွက် ထိုင်းဘဏ်တွေက အကူအညီ ဖြစ်စေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဟာ ပြည်တွင်းဘဏ်တွေနဲ့ အလေးအနက် ဆွေးနွေးဖို့ စီစဉ်နေပါတယ်။

သတင်း

မန္တလေးတိုင်း မတ္တရာနယ်ထဲမှာ တိုက်ပွဲ ဖြစ်ပွားနေပြီး ပစ်ခတ်သံတွေကို ပုသိမ်ကြီးမြို့ ပေါ်ရပ်ကွက်တွေကပါ ကြားနေရလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။