ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ တောင်သာမြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်များတွင် အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၉ရက်က ပခုက္ကူမြို့နယ်၊ စက်မှုဇုန်စစ်ဆေးဂိတ်တွင် တာဝန်ကျနေသော အသက်(၂၄)နှစ်အရွယ် ပျူစောထီးအဖွဲ့ဝင် ကိုရဲနီဆိုသူသည် MA3 တစ်လက် ၊ ကျည်ဘောက်တစ်ခု၊ကျည် (၂၀)နှင့် အတူ အလင်းဝင်ရောက်လာကြောင်း Southern YSO PDF အဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။
၎င်းကို ကျပ်သိန်း ၃၀ဂုဏ်ပြုချီးမြှင့်ကာ လွတ်မြောက်ဒေသသို့ ပို့ဆောင်ထားကြောင်း Southern YSO PDFအဖွဲ့က အသိပေးသည်။
အလားတူ ဇူလိုင် ၂၀ရက်ကလည်း စစ်ကောင်စီအရာရှိတစ်ဦး MA3 သေနတ် တစ်လက်ဖြင့် အလင်းဝင်ခဲ့ကြောင်း Southern YSO PDFအဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင်လည်း ဇူလိုင် ၂၈ရက်က စစ်ကောင်စီ တပ်သား တစ်ဦးသည် G-3 သေနတ် တစ်လက်၊ ကျည်ဘောက်နှစ်ဘောက်၊ ကျည်(၈၅)တောင့်ဖြင့် အလင်းဝင်လာ၍ ကျပ် သိန်း (၅၀)ချီးမြှင့်ခဲ့ကြောင်း တောင်သာပကဖ တာဝန်ရှိသူက ပြောသည်။
“သူက စစ်ကြောင်းထွက်လာတဲ့အချိန် ကျွန်တော်တို့ကိုဆက်သွယ်ပြီး ဝင်ရောက်လာတာ။”ဟု တောင်သာပကဖတာဝန်ရှိသူက ပြောသည်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင်လည်း ယမန်နေ့(ဇူလိုင်၃၀ရက်)က ရတဖ (၁၉) မှ ရဲတပ်ကြပ် အောင်မြတ်သူဆိုသူသည် M-16 (၁) လက်နှင့် 5.56 ကျည် (၂၀၀) ယူဆောင်လာပြီး အလင်းဝင်လာ၍ ဆုကြေးငွေ ကျပ်သိန်း ၃၀ချီးမြှင့်ကာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့ကြောင်း Royal Eagle PDF အဖွဲ့က ထုတ်ပြန်သည်။
ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ပြည်သူ့ထံအမြန်ဆုံးအလင်းဝင်ကြရန် PDFအဖွဲ့များက သတိပေးထားသည်။
ဓါတ်ပုံ-Southern YSO PDF၊ တောင်သာပကဖ၊ Royal Eagle PDF