ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား ရေစကြိုပကဖအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် (၄)ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း အဖွဲ့မှတာဝန်ရှိသူကပြောသည်။
ယမန်နေ့ (ဇူလိုင်၃၀ရက်) နံနက်(၈)နာရီခွဲခန့်က ပခုက္ကူမြို့နယ် တပ်မ(၁၀၁)မှ စစ်ကောင်စီတပ်များနှင့် ရေစကြိုမြို့နယ်၊ ဟင်္သာပျူကျေးရွာမှ ပျူစောထီးများ စုစုပေါင်း အင်အား(၆၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ကိုရင့်ကျေးရွာနှင့် ကိုရင့်ကျွန်းကြားအရောက်တွင် အသင့်စောင့်၍ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထို့နောက် မနက်ပိုင်းတစ်ပိုင်းလုံး အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး နံနက်(၁၁)နာရီခွဲခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း၊ ထိုစစ်ကြောင်းမှ ပျူစောထီးဟုယူဆရသူ (၄)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာများလည်း ရရှိသွားကြောင်း ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အဲဒီစစ်ကြောင်းက ပခန်းငယ်ဘက်တက်မယ်လို့ယူဆတယ်။အဲဒီမှာစောင့်ပြီး တိုက်ခိုက်နိုင်ခဲ့တာ။ လေးကောင်သေတယ်။ လေးကောင်ပြင်းထန်ဒဏ်ရာရတယ်။ ရှင်းလင်းရေးသွားတဲ့အချိန်မှာ ခဲယမ်းတွေရတယ်။”ဟု ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းမှ ကာဘိုင်ကျည် (၂၀၀)၊ ကာဘိုင်ကျည်(၂)ဘောက်၊ (၄၀)မမဗုံးသီး တစ်လုံး၊ G3ကျည်ဘောက်တစ်ဘောက်၊ AK ကျည်(၂)ဘောက် ၇.၆၂မမကျည်(၂၀)တို့သိမ်းဆည်းရမိခဲ့ကြောင်း ရေစကြိုပကဖအဖွဲ့က ထုတ်ပြန်သည်။
ထိုစစ်ကြောင်းမှာ ဟင်္သာပျူကျေးရွာထဲသို့ပြန်လည်ဝင်ရောက်သွားပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။