Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီ နှင့် ရှမ်း​တောင်နယ်စပ် တစ်လအတွင်းတိုက်ပွဲများတွင် စစ်အုစ်စုမှ ၅၀ဦးထက်မနည်း​သေဆုံးပြီး လက်နက် ၃၀ ​ကျော်ရရှိ​​

လွိုင်ကော် ၊ ဖားဆောင်း ၊ ဒီးမော့ဆိုမြို့နယ်များနှင့် ကရင်နီ – ရှမ်းတောင်နယ်စပ် ဖယ်ခုံ ၊ ပင်လောင်း ၊ ညောင်ရွှေ မြို့နယ်တိုက်ပွဲများ၌ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်မှ ၅၀ ထက်မနည်း သေဆုံးပြီး လက် နက် ၃၀ ကျော်ရရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန် သည်။

စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNDF

ရဲခေါင်/People’s Spring

လွိုင်ကော် ၊ ဖားဆောင်း ၊ ဒီးမော့ဆိုမြို့နယ်များနှင့် ကရင်နီ – ရှမ်းတောင်နယ်စပ် ဖယ်ခုံ ၊ ပင်လောင်း ၊ ညောင်ရွှေ မြို့နယ်တိုက်ပွဲများ၌ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်မှ ၅၀ ထက်မနည်း သေဆုံးပြီး လက် နက် ၃၀ ကျော်ရရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန် သည်။

ဇူလိုင်လအတွင်း တိုက်ပွဲများတွင် လွိုင်ကော်မြို့၌ စစ်ကောင်စီမှ အင်အားဖြည့်တင်းကာ စစ်မျက်နှာများဖြန့်ခွဲ၍ စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုများ လုပ်ဆောင်လာခဲ့သောကြောင့် KNDF တပ်များနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ တန်ပြန်တိုက်ခိုက်ခဲ့သည်ဟု အသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ထေးငှားလျား ၊ နာနတ်တော ၊ဘာဒို ၊ ထီရိ ၊ မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ နှင့် ပန်ကန်း ရပ်ကွက်/ကျေး ရွာများ တစ်လျှောက် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။ဇူလိုင်လ အစမှစ၍ လွိုင်ကော်မြို့ရှိ မိုင်းလုံး ၊ ရွာ တန်းရှည်၊ ထူဒူငံသ ဖက်သို့ စစ်ကြောင်းများဖြန့်ခွဲ၍ ထိုးလာသော စစ်ကောင်စီတပ်များအားတန် ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အထူးသဖြင့် မိုင်းလုံး ၊ ရွာတန်းရှည် ၊ GTC ကျောင်း ၊ မြကလပ်တောင် ၊ ထူဒူငံသ နှင့် ပန်ကန်းတို့တွင် (၁)လတာလုံး နေ့စဉ်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးတိုက်ပွဲများအတွင် စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများသလို ၎င်းတို့ထံမှ လက်နက်ငယ် (၄)လက်နှင့် ခဲယမ်း မီးကျောက်များ ၊ အသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့သည်ဟုသိရသည်။ ထိုအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး လက်နက်ငယ် (၁)လက်နှင့်တကွ လာရောက်ပူးပေါင်းခဲ့ကြောင်းလည်းအသိ​ပေးထားသည်။

ထို့အတူ နာနတ်တော ၊ ထေးငှားလျားရပ်ကွက် နှင့် ဘာဒိုကျေးရွာ ၊ ထီရိကျေးရွာများ ဖက်တွင် စစ် ကြောင်းထိုးတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား KNDF မှ တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့​ကြောင်းသိရသည်။

“လွိုင်ကော်တိုက်ပွဲက ဒီနေ့ ငြိမ်နေတယ်။မနေ့ကအထိတော့ လွိုင်ကော်-ဒီးမော့ဆို ဘက်ခြမ်းမှာ တိုက်ပွဲ ဖြစ်တယ်။စကစ ဘက်က ဒီးမော့ဆိုဘက်ကို တိုးချင်နေတာ မရသေးဘူး။ဒီးမော့ဆိုက စကစ အထိုင်တပ်တွေနဲ့ လွိုင်ကော်တပ်တွေ မြေပြင် မချိတ်နိုင်သေးဘူးပေါ့။ တိုက်ပွဲအခြေအနေအရ ဘယ်သူက အသာစီးရနေပါတယ်လို့ ပြောရခက်တယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတိုက်ပွဲများတွင် ကရင်နီပြည်နယ်ဖက်သို့ ဦးတည်သော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်း အင်အား (၅၀၀) ကျော်ပါသောစစ်ကြောင်းမှာ ဇွန်လ (၁၅) ရက်နေ့မှ ဇူလိုင်လ (၁၅) ရက်နေ့ထိ တစ်လကြာ ပင်လောင်းဖက်မှ ဆောင်းပြောင်း ၊ နောင်ဝိုးဖက်သို့ စစ်ကြောင်းထိုးလာခဲ့၍ တော်လှန်ရေး ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ဆောင်းပြောင်း ၊ နောင်ဝိုးကျေးရွာများဖက်သို့ အင် အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့ ပူးပေါင်းစစ် ကြောင်းများအား ဇွန်လ ၃၀ ရက်ကစ၍ KNDF တပ်ရင်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း၍ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ဆောင်းပြောင်း နှင့် နောင်ဝိုးကျေးရွာများ တစ် လျှောက် ဇူလိုင် ၂ ရက်နေ့ထိ ထိတွေ့တိုက်ပွဲများ အထူးပြင်းထန်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းများမှ (၂၀)ဦးနီးပါး ​သေဆုံးခဲ့သည်။ထိုအပြင် ဆောင်းပြောင်းရှိ အထိုင်စခန်းကုန်း (၁)ခု နှင့် ရဲစခန်းတို့အား ​တော်လှန်​ရေးတပ်များကသိမ်းပိုက်၍ မီးရှို့ရှင်းလင်းနိုင်ခဲ့​ကြောင်းသိရသည်။ စစ်​ကောင်စီတပ်ထံမှ လက်နက်ငယ်စုံ (၁၅) လက်နှင့် ခဲယမ်း မီးကျောက်များ ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိ၍စစ်သုံ့ပန်းများပါ ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။

နောင်ဝိုးဖက်ထိ ရောက်ရှိလာသော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်းများမှာလည်း အထိခိုက်များစွာဖြင့် ဆောင်းပြောင်းဖက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း KNDF က ပြောသည်။

ထို့အတူ ဇူလိုင် ၁၈ ရက်မှစ၍ ညောင်ရွှေမြို့နယ် နှင့် ဖယ်ခုံမြို့နယ်အစပ်တွင်ရှိသော မှော်ဘီ- ဆီဆိုင် လမ်းပေါ်ရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းထားသည့် လွယ်လုံစခန်းကုန်း ၊ စစ်ဆေးရေးဂိတ် တို့အား တော်လှန်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့သည်။စစ်တပ် စခန်းကုန်း (၂)ခုနှင့် စစ်ဆေးရေးဂိတ်တို့အား မီးရှို့ရှင်းလင်းနိုင်ခဲ့ကာ တိုက်ပွဲအတွင်း ရန်သူ(၃၀)ကျော်အား သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။

၎င်းတို့ထံမှ လက်နက်ငယ်(၁၅)လက်နှင့် ခဲယမ်း ၊မီးကျောက်များ ၊ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်။

လက်ရှိချိန်ထိ ဆောင်းပြောင်း ဖယ်ခုံနှင့် ညောင်ရွှေနယ်စပ်ရှိ စံကား ၊ မှော်ဘီဖက်တို့တွင် စစ်ကောင်စီ၏ စစ်ကြောင်းများဆက်ရှိနေ၍ နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

ဖားဆောင်းမြို့တွင်လည်း စစ်ကောင်စီ၏အခြေစိုက်တပ်များနှင့် ကာကင်းစခန်းများအား တော်လှန်ရေးတပ်ဖွဲ့များမှ စဉ်ဆက်မပြက် တိုက်ခိုက်နေ​သော​ကြောင့် ဇူလိုင်လအတွင်း ထိတွေ့တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့သည်ဟုဆိုသည်။

ဒီးမောဆိုမြို့နယ် အခြေစိုက်စစ်ကောင်စီ၏ အမှတ် (၄၂၇)တပ်ဖက်မှ စစ်ကြောင်းတစ်ခုမှာ ဒီးမော့ဆို – (၆)မိုင်လမ်းမကြီးပေါ် ရှိ ဒေါခလိုက်လင်းကျေးရွာဖက်သို့ ဇူလိုင် ၂၂ ရက်တွင် ရောက်ရှိလာခဲ့၍ တန်ပြန်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့များအား ခုခံတိုက်ခိုက်ရင်း အသက်ပေးသွားခဲ့ရသည့် KNDF ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် အစဉ်အမြဲလေးစားမှတ်တမ်းတင်ထားကြောင်း လည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

ဇူလိုင်လအတွင်း လွိုင်ကော်မြို့တွင် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးများ ၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် မှုများကြောင့် အရပ်သားပြည်သူထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ပြီး သေဆုံးသူ(၅)ဦးနှင့်အထက်ရှိကြောင်း KNDF ကခန့်မှန်းသည်။

ထို့အတူ စစ်ကောင်စီမှ လက်နက်ကြီး၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုင်ခြင်း နှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် ဇူလိုင်လအတွင်း လွိုင်ကော်မြို့တွင် မိုင်းလုံး ၊ ရွာတန်းရှည် ၊ ပန်ကန်းတစ်လျှောက်ရှိ ပြည်သူလူထု နေအိမ် (၉၀)ကျော် မီးလောင်ပျက်စီးခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား ဇူလိုင် ၁ရက်နေ့လည်(၁)နာရီ ကျော်အချိန်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရှောင်နေအိမ် (၅) လုံးခန့်နှင့် စာသင်ကျောင်းတစ်ခု ထိခိုက်ပျက်ဆီးမှုများရှိခဲ့သည်။

ဇူလိုင်လအတွင်း KNDF ၊ KA နှင့် PDF ရဲဘော် ၁၉ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူ ၅၀ ဦးခန့်ရှိ ကြောင်းလည်း တိုးတက်သော ကရင်နီပြည်သူ့အင် အားစု PKPF ကလည်း သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများသိမ်းပိုက်နိုင်ရေး တအာင်းတပ်မတော်(TNLA)က ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီတပ် ခမရ(၅၀၂)၊ (၅၀၂) တပ်ရင်းများတွင် တိုက်ပွဲများပြင်းထန်ခဲ့ဟု TNLAက ထုတ်ပြန်သည်။

သတင်း

အရာရှိမိသားစုများကိုမှု လားရှိုးမြို့တိုက်ပွဲမစတင်မီက ရဟတ်ယာဉ်သုံးရွှေ့ပြောင်းဟုဆို

သတင်း

မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်ထဲ တိုက်ပွဲတွေ နီးကပ်လာချိန်မှာ ကျေးရွာအချို့ က အုပ်ချုပ်ရေးမှုး တွေစတင်တိမ်းရှောင်တာ ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခမရ(၄၃၇) တပ်ရင်းဌာနချုပ် သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။