ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ခလရ (၂၅၆)မှ စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ် တိုက်ခိုက်ခံရပြီးနောက် ကံသစ်ကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။
ယမန်နေ့( အောက်တိုဘာ ၁၄ရက်) နံနက် ၈ နာရီခန့်က ရေစကြိုမြို့နယ် အမှတ်(၂၅၆) ခြေလျင်တပ်ရင်းမှ ထွက်လာသော အင်အား ၆၀ခန့်ပါ စစ်ကြောင်းအား ပညင်းကျေးရွာနှင့်ကံသစ်ကျေးရွာကြားအရောက်တွင် ရေစကြိုပကဖက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement
ထို့အပြင် နေ့လယ် ၂ နာရီခွဲခန့်တွင် အဆိုပါစစ်ကြောင်းအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း ရေစကြိုပကဖပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်က ကံသစ်ကျေးရွာအား မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၀လုံးခန့်အား ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။
“နယ်မြေရှင်းလင်းရေးသဘောသွားတာ။ အဲဒါကို ကျွန်တော်တို့က ကြားကနေ မိုင်းဆွဲတိုက်ခိုက်တာ။ အကောင်ကြီးတစ်ကောင်ပါတယ်ပြောတယ်။ သေတာလား ဒဏ်ရာရတာလားမသိဘူး။ အဲဒါကြောင့်မဲပြီး ပြည်သူ့နေအိမ်တွေမီးရှို့သွားတာ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။
အောက်တိုဘာ ၁၁ရက်ကလည်း ခလရ (၂၅၆)မှ စစ်ကောင်စီစစ်ကြောင်းအား ရေစကြိုပကဖက တိုက်ခိုက်ခဲ့သေးသည်။
စက်တင်ဘာ ၂၁ရက်ကလည်း ရေစကြိုမြို့နယ်၊ ဆင်မရဲရွာပျူစောထီးစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၄ ဦး သေဆုံးပြီး ၂ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများရရှိခဲ့သေးသည်။

















































