ပြီးခဲ့သည့်ရက်ပိုင်းကစပြီး ထိုင်းနိုင်ငံတွင် မြန်မာမုန်းတီးရေးစကားများ ထိုင်းလူမျိုးအချို့ကြားတွင် စတင်ပြောဆိုလာပြီး ထိုင်းအမျိုးသားရေးလှုပ်ရှားသူ အချို့က ဆန္ဒပြသည်အထိ ဖြစ်ပေါ်ခဲ့သည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် နေ့စဥ် သတ်ဖြတ်ဖမ်းဆီးခံနေရသော မြန်မာများမှာ နိုင်ငံအတွင်းနေထိုင်မရ၍ ထိုင်းနိုင်ငံအတွင်း အများအပြား ဝင်ရောက်အခြေချလာမှုအပေါ် ထိုင်းလူမျိုးအနည်းစုကြားတွင် စတင်ပြောလာခြင်းဖြစ်သည်။
ထို့အပြင် ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ရွှေ့ပြောင်းမြန်မာကလေးငယ် တစ်ထောင်ကျော် ပညာသင်ကြားနေသော စာသင်ကျောင်း ပိတ်သိမ်းခံရသည်အထိ ဖြစ်ခဲ့ပြီး လက်ရှိတွင်လည်း ထိုင်းအစိုးရက စီမံချက်ဖြင့် မတရားမဝင်နေထိုင်သူများအား ဖမ်းဆီးပြုလုပ်နေသည်။ ထိုအခြေအနေတွင် မြန်မာများ ထောင်ချီဖမ်းဆီးခံနေရသည်။
ထို့ကြောင့် လက်ရှိဖြစ်ပွားနေသော အခြေအနေများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် အလုပ်သမားကာကွယ်ပေးရေးကွန်ရက် (Labour Protection Network Foundation -LPN)တည်ထောင်သူ Mr. Sompong Srakaew နှင့် ဆက်သွယ်မေးမြန်းမှုပြုလုပ်ထားသည်။
Mr. Sompong Srakaewသည် LPN ဖောင်ဒေးရှင်းကို ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများအရေး ကူညီဖြေရှင်းပေးခဲ့သည့် ထိုင်းနိုင်ငံတွင် နာမည်ရသည့် လူ့အခွင့်အရေးသမားတစ်ဦးဖြစ်သည်။
မြန်မာရွှေ့ပြောင်းလုပ်သားများအရေး အဓိက ကူညီဖြေရှင်းပေးနေသူဖြစ်ပြီး မြန်မာရွှေ့ပြောင်းများနှင့် ကလေးငယ်များအတွက် ပညာရေးစင်တာ ၄၀ကျော်ကိုလည်း တည်ထောင်ထားသူဖြစ်သည်။
ထို့ကြောင့် လက်တလောဖြစ်ပွားနေသည့်အရေးနှင့်ပတ်သက်ပြီး People’s Spring စာဖတ်ပရိတ်သက်များအတွက် Mr, Sompong Srakaew နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
ဒီးဒီ/People’s Spring
မေး-အရင်ဆုံး နာမည်လေးနဲ့ ထိုင်းမှာ အဓိက ဘာတွေလုပ်ကိုင်နေတာလဲဆိုတာ ရှင်းပြပေးပါအုံး။
ဖြေ-ကျွန်တော့်နာမည်က ဆွန်ပေါင် ဆကဲယောက် (Sompong Srakaew) ပါ။ ကျွန်တော်က အလုပ်သမားကာကွယ်ပေးရေးကွန်ရက် (LPN) ရဲ့အမှုဆောင်ဒါရိုက်တာ ဖြစ်ပါတယ်။
မေး-ပြီးခဲ့တဲ့အပတ်က ဆူရတ်မှာ မြန်မာစာသင်ကျောင်းက နိုင်ငံတော်သီချင်းဆိုလို့ဆိုပြီး ကန့်ကွက်ရာကနေ ကျောင်းအပိတ်ခံရတဲ့အထိဖြစ်ပြီး မြန်မာတွေအပေါ်မှာ အမြင်တမျိုးဖြစ်လာကြတယ်။ မြန်မာတွေအများအပြားရွေ့ပြောင်းအခြေချလာတဲ့အပေါ်မှာ ထိုင်းနိုင်ငံသားအချို့က အပြစ်မြင်လာပြီး သူတို့နေရာ၊ သူတို့ အလုပ်တွေ ဝင်နေရာယူတယ်ဆိုပြီး မြန်မာမုန်းတီးရေးတွေ လှုံ့ဆော်လာတာပေါ့။ ဘယ်လိုကစပြီး ပြဿနာဖြစ်တာလဲ။
ဖြေ-စူရတ်ဌာနီမှာဖြစ်သွားတဲ့ကိစ္စဟာ ကျွန်တော့်အမြင်ပြောရရင် အစိုးအရအရာရှိတွေက ဒီကိစ္စကိုစေ့စပ်ညှိနှိုင်း မှုလုပ်ရာမှာ ကောင်းမွန်တဲ့ရလဒ်မရှိခဲ့ဘူး။ ဒါကြောင့် အဲဒီဒေသတစ်ဝိုက် ထိခိုက်မှုတွေဖြစ်စေတဲ့အပြင် ထိုင်း နိုင်ငံအနှံ့ရှိ ရွှေ့ပြောင်းကလေးငယ်တွေကို စောင့်ရှောက်မှုပေးနေတဲ့ ပညာရေးစင်တာတွေကိုပါ ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်။ ထိုင်းနိုင်ငံပညာရေးဆိုင်ရာဥပဒေ စည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုင်တွယ်မယ်ဆိုရင်တော့ ပညာရေးစင်တာအတော်များများဟာ ဥပဒေ၊စည်းမျဥ်းစည်းကမ်းနဲ့ ကိုက်ညီမှုရှိ၊ မရှိဆိုတာက စိုးရိမ်စရာ တွေအများကြီးပါ။ ဒါပေမယ့် ရွှေ့ပြောင်းပညာရေးစင်တာတွေမှာလည်း သူတို့လုပ်ဆောင်ရတဲ့ရည်ရွယ်ချက် ကိုယ်စီ၊ အကြောင်းပြချက်ကိုယ်စီရှိကြတာပါပဲ။ ဥပမာအားဖြင့် ရွှေ့ပြောင်းကလေးငယ်တွေ ထိုင်းကျောင်း တက်ဖို့အခက်အခဲရှိတာတွေ၊ အခုနောက်ပိုင်းဆိုရင် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့်သော်လည်းကောင်း၊ စစ်သားစုဆောင်းရေးကြောင့်သော်လည်းကောင်း မိဘများက ကလေးနဲ့ လူငယ်တွေကိုဘယ်မှာထားရမှန်း မသိဘူး၊ လုံခြုံရေးအတွက်စိုးရိမ်ကြတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံထဲကို အစုလိုက်အပြုံလိုက်ဝင်လာကြတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို ရောက်လာတော့လည်း မြန်မာလူမျိုးအချင်းချင်းပဲ ဒီကလေးငယ်တွေကို လုံခြုံရာ၊ အကာအကွယ်ပေးစရာဆိုပြီး ပညာရေးစင်တာလေးတွေ စီစဉ်ပေးကြတယ်။ ပြီးတော့ မိဘတွေအလုပ်သွား ရင်လည်းဒီကလေးတွေကိုလုပ်ငန်းခွင်ထဲခေါ်သွားလို့မရဘူးလေ၊ ကလေးတွေကလည်း အသက် ၁၈ နှစ် မပြည့်ရင် အလုပ်လုပ်ခွင့်မှမရှိတာကိုး။ ဒါကြောင့် ကလေးငယ်တွေအတွက်အလုံခြုံဆုံးဖြစ်တဲ့ နီးစပ်ရာ ပညာရေးစင်တာတွေဟာ လိုအပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ထားကြတာပဲ။ အစိုးရအရာရှိတွေက ဥပဒေတို့၊ စည်းမျဉ်းစည်းကမ်းတို့နဲ့ ကိုင်တွယ်ပြီး ဘယ်ပညာရေးစင်တာကို ဘယ်သူက ဦးစီးဖွင့်ထားသလဲ၊ ဘယ်သူ့ထံမှာ ခွင့်ပြုချက်ယူသလဲ။ သင်ကြားသူက ဘယ်သူလဲ။ ဘယ်ကလာတာလဲ၊ ဆရာဟုတ်ရဲ့လားဆိုပြီး သေချာလိုက်စစ်ဆေးကြမယ်ဆိုရင်တော့ အားလုံးဟာ ဥပဒေနဲ့ မကိုက်ညီပါဘူး။ ကလေးသူငယ်တွေအတွက် ပညာရေးစင်တာဟာ စူရတ်မှာပဲရှိတာမဟုတ်ဘူး။ နေရာ အတော်များများမှာ ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ပညာရေးစင်တာ ၁၀၀ ကျော်ရှိပါတယ်။ ပြည်နယ်တိုင်းမှာရှိပါတယ်။ ပညာရေးစင်တာတွေဟာ ကလေးငယ်များရဲ့လုံခြုံမှုနှင့် ကလေးသူငယ်အခွင့် အရေးကို ကာကွယ်ပေးကြတယ်။ အမှန်တကယ်ဆိုရင် အစိုးရဌာနတွေက ဒီပညာရေးစင်တာတွေကို မြန်မာနိုင်ငံတော်သီချင်းဆိုလို့၊ ဘာဖြစ်လို့၊ ညာဖြစ်လို့ဆိုပြီး အပြစ်ရှာမယ့်အစား အစိုးရ၊ အရပ်ဘက်အဖွဲ့တို့ အားလုံးဟာ လိုအပ်ချက်တွေကိုဝိုင်းဝန်းဖြည့်ဆည်းဖို့လိုတယ်။ပူးပေါင်းပြီး စီမံဆောင်ရွက်ပေးဖို့လိုတယ်၊ လိုက်လျောညီထွေမှုရှိဖို့လိုတယ်။ စူရတ်က ပညာရေးစင်တာဟာ ကြီးမှူးကွပ်ကဲမယ့်အဖွဲ့အစည်း (ဖောင်ဒေး ရှင်း) မရှိလို့ အခုလို ဖြစ်ခဲ့တာပါ။ ဒါကြောင့် အနီးတစ်ဝိုက်က ပညာရေးစင်တာတွေလည်း စိုးရိမ်ကြတယ်။ အကယ်၍ အခြားပညာရေးစင်တာတွေပါ အပိတ်ခံရရင် ကလေးတွေလည်း ပြန့်ကြဲသွားကြရမယ့်အပြင် ဘာအကာအကွယ်မှမရပဲဖြစ်သွားမယ်။ အဲဒီအခါ ထိုင်းအစိုးရကိုယ်တိုင်က ကလေးသူငယ်အခွင့်အရေးချိုးဖောက်သူဖြစ်ပြီး အပြည်ပြည်ဆိုင်ရာပဋိညာဉ် လက်မှတ်ထိုးခဲ့ အလကားဖြစ်မှာပေါ့။နောက်တစ်ခုက အွန်လိုင်းပေါ်မှာလူသိများတဲ့ မြန်မာလူမျိုးများစွာဟာ ဆိုရှယ်မီဒီယာအသုံးပြုပြီး ထိုင်းအစိုးရကို လိုတာထက်ပိုပြီးတောင်းဆိုမှုတွေ လုပ်ခဲ့တာ။ ထိုင်းနိုင်ငံအတွင်း အဲသလိုမဖြစ်နိုင်တာတွေ၊ ဘောင်တွေစည်း တွေကျော်ပြီးလုပ်ကြတော့ ထိုင်းလူမျိုးတစ်ချို့ကို အမြင်မကြည်၊ အမုန်းပွားစေခဲ့တယ်။ နောက်ပြီး နိုင်ငံရေးကလည်းပါလာတယ်။ ဒါကြောင့် မြန်မာလူမျိုးတွေ ဘာပဲလုပ်လုပ်ထိုင်းလူမှုအသိုင်းအဝိုင်းမှာ အမြင်ကပ် စရာတွေဖြစ်လာတယ်။ ဥပမာ အွန်လိုင်းစျေးရောင်းတာ၊ နိုင်ငံသားဖြစ်ခွင့်တောင်းဆိုတာ၊ ထိုင်းလူမျိုးတွေရဲ့ အခွန်ငွေကို အသုံးပြုကြတယ် စသဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ မှန်ကန်တဲ့အချက်အလက်တွေမရှိပဲအကြောင်းရှာအပြစ်တင်ကြတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားထုကိုပါ ထိခိုက်လာတယ်။ ရွှေ့ပြောင်း အလုပ်သမားအရေးလုပ်ကြတဲ့ အဖွဲ့အစည်းတွေကိုလည်း သိမ်းကျုံးအပြစ်တင်ခံရတယ်။ ဒီအချိန်မှာ မြန်မာတွေအနေနဲ့ အဲဒီသတင်းတွေနောက်လိုက်ပြီး အရေးတယူလုပ်စရာမလိုဘူး။ ငြိမ်ငြိမ်လေးပဲနေလိုက်ပါ။ ပညာရေးစင်တာကိစ္စတွေကို ခေါင်းအေးအေးထားပြီး ဆက်လက်ဆောင်ရွက်ဖို့လိုပါတယ်။သင်ရိုးညွှန်းတမ်းတွေကို သင်ယူသူတို့အနေအထားအလိုက် လိုက်လျောညီထွေမှုရှိအောင် ရေရှည်မှာ စဉ်းစားကြဖို့ လိုပါတယ်။
မေး-ထိုင်းလူမျိုး ဘယ်လိုလူတွေက လှုံ့ဆော်နေတာလဲ။ထိုင်းအချို့က အခုလို မြန်မာမုန်းတီးရေးဆိုပြီး ပြောဆိုတဲ့ အဓိကပြဿနာက ဘာလဲ။နောက်ကွယ်မှာရော ဘယ်လိုစေဆော်မှုတွေရှိနေတယ်လို့ မြင်လဲ။
ဖြေ-ထိုင်းလူမျိုးတစ်စုပါ၊ မျိုးချစ်လူတစ်စုလို့လည်းပြောလို့ရတယ်။ ဒီလူတွေဟာ ရွှေ့ပြောင်းအလုပ်သမား သမိုင်းဖြစ်စဉ်ကို မသိတဲ့လူတစ်စုပါ။ ထိုင်းစီးပွားရေးအလုပ်ရှင်တွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေကြောင့် ရေလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေနှင့် အခြားလုပ်ငန်းခွင်တွေမှာရော များစွာကျိုးပြုတယ်ဆိုတာ၊ ထိုင်းအလုပ်ရှင်တွေဟာ ရွှေ့ပြောင်းအလုပ်သမားမရှိရင်မဖြစ်သလို၊ ရွှေ့ပြောင်းအလုပ်သမားတွေကလည်း ထိုင်းတွေ မရှိရင်မဖြစ်ဘူး ။အားလုံးဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ၊ ထိုင်းနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနဲ့ပတ်သက်တဲ့ ပဋိညာဉ်တွေလက်မှတ်ထိုးပြီးသား ဆိုတာတွေလည်း ဒီလူတစ်စုနားမလည်ကြဘူး။ ဒီလူတစ်စုဟာ အတွင်းလူတွေ မဟုတ်ဘူး၊ အပြင်လူပါ။ ကျွန်တော်တို့သာ အတွင်းလူဖြစ်တယ်။ အတွင်းလူဆိုတာက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အစဉ်တစိုက်ထိတွေ့မှုရှိတဲ့လူတွေပါ။ အပြင်လူတွေဟာ မြန်မာတွေကို နားလည်မှုမပေးနိုင်ကြဘူး။ မြန်မာတွေကို အပြစ်တင်ချင်တာ များတယ်။ အမုန်းပွားစေတဲ့အကြောင်းတွေဖန်ကြတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံမရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာတွေကို နှင်ထုတ်ဖို့ဖိအားပေးတာဟာ သူတို့ကိုသေတွင်းထဲတွန်းချသလိုပါပဲ။မနေ့ကထိုင်းအစိုးရရဲ့ ရွှေ့ပြောင်းအလုပ်သမားရေးဆိုင်ရာမှတ်ပုံတင်ခွင့်သဘောညီမှုထွက်လာတာဟာ ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းအလုပ်သမားများလိုအပ်နေတာ ထင်ရှားပါတယ်။ ရွှေ့အပြောင်းအလုပ်သမား တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရင် ထိုင်းနိုင်ငံအကျိုးစီးပွား၊ အလုပ်ရှင်များ အကျိုးစီးပွား၊ အေဂျင်စီ များအပြင် ရွှေ့ပြောင်းအလုပ်သမားများ၌လည်း အကျိုးစီးပွားဖြစ်ထွန်းစေတယ်၊ ဥပဒေကပြဌာန်းထားတဲ့ အလုပ်သမားအခွင့်အရေးများကိုလည်း (ထိုင်းလူမျိုးနဲ့တန်းတူလို့မဆိုလိုပါ) ခံစားခွင့်ရပါတယ်။ ကိုယ့်အကြောင်းကသာ အရေးကြီးခွင်ကျယ်ဟု မသတ်မှတ်၊ မယူဆကြဘူးဆိုရင် ထိုင်းလူမှုအသိုင်းဝိုင်းထဲမှာ အတူတကွနေထိုင်ခွင့်ရပါတယ်။ ငြိမ်းချမ်းစွာ၊ ချစ်ခင်စွာနေထိုင်ခွင့်ရပါတယ်။
မေး-မြန်မာရွှေ့ပြောင်းလုပ်သားတွေကြောင့် ထိုင်းနိုင်ငံအတွက် ဘာတွေ အကျိုးအမြတ်ရနေလဲ။ သူတို့ကြောင့် ထိုင်းနိုင်ငံထိခိုက် နစ်နာမှုတွေရောရှိပါသလား။
ဖြေ-ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြောင့် ထိုင်းနိုင်ငံဟာ ဘာမှနစ်နာဆုံးရှုံးတာမရှိဘူး။ ထိုင်းနိုင်ငံဟာ အကျိုးအမြတ်များစွာရရှိတာပါ။ ရွှေ့ပြောင်းအလုပ်သမားများက သူတို့အားနဲ့ လဲပြီး လုပ်အားခရရှိသလို၊ ထိုင်းနိုင်ငံကလည်း အကျိုးမြတ်တွေရရှိတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားကိုကုန်စည် တင်ပို့ရာကနေပိုပြီး အကျိုးမြတ်ရရှိပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ မရှိခြင်းကသာ ထိုင်းနိုင်ငံအတွက် နစ်နာ ဆုံးရှုံးတာပါ။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့အရွယ် လူတွေလျော့လာတယ်၊ အသက်ကြီးရွယ်အိုများ လာတယ်၊ ကလေးမွေးနှုန်းနည်းလာတယ်။ ဒါကြောင့် ထိုင်းအလုပ်သမားဦးရေလည်းလျော့နည်းလာတာနှင့်အမျှ အစားထိုးဖို့ လိုနေတာက ရွှေ့ပြောင်းအလုပ်သမားများဖြစ်လာတယ်။ရွှေ့ပြောင်းအလုပ်သမားများဟာ အလုပ်မရွေး ကြဘူး။ ခက်ခဲကြမ်းတမ်း၊ ညစ်ပတ်နုံချာ အန္တရာယ်များတဲ့အလုပ်ဟူသမျှ လုပ်ကြတယ်။ ဒီအလုပ်တွေကို ထိုင်းလူမျိုးတွေမလုပ်ကြဘူး။ တချို့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံကိုဝင်လာပြီး မသင့်လျော် တဲ့အပြုအမူတွေလုပ်၊ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ကြ စတဲ့သူတွေက တစ်ကဏ္ဍပါ။ ဥပဒေနဲ့ မညီပြုမူသူတွေကိုတော့ ဥပဒေအရ ဆောင်ရွက်သင့်တာပေါ့။ ဒီကနေ့ ထိုင်းနိုင်ငံမှာ မရှိမဖြစ်လိုအပ်နေတာက ရွှေ့ပြောင်းအလုပ်သမားဖြစ်ပါတယ်။ ထိုင်းလူမျိုးကောင်းမွန်စွာနေထိုင်နိုင်ရေးဟာ ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ခွင့်ရဖို့ကလည်း လိုအပ်ပါတယ်။ ထိုင်းနဲ့ မြန်မာအတူတကွနေထိုင်ရမယ်။ ငြိမ်းချမ်းစွာနေထိုင်ကြရမယ်။ အရေးကြီးဆုံးကတော့ ရွှေ့ပြောင်းအလုပ်သမားများကို စနစ်တကျဖြစ်အောင် လုပ်ဆောင်ပေးရမယ်။ တရားမဝင်တာကို တရားဝင်ဖြစ်အောင်လုပ်ရမယ်၊ လူမှုဖူလုံရေး၊ ကျန်းမာရေးအာမခံ စသည်တို့ ပြည့်စုံစွာ ရှိအောင်လုပ်ရမယ်။ အမှန်တကယ်က ရွှေ့ပြောင်းအလုပ်သမားတွေက ဒီကုန်ကျစရိတ်တွေကို ပေးရသူပါ။ အလုပ်ရှင်က ပေးတာမဟုတ်ဘူး။ ဒါကြောင့် သူတို့ ကုန်ကျထားတဲ့အရာတွေကို သူတို့အခွင့်အရေး ခံစား ခွင့်ရှိတယ်။
မေး-လက်ရှိမှာလည်း ရက်ပေါင်း ၁၀၆ရက်စီမံချက်အရဆိုပြီး ထိုင်းရဲတပ်ဖွဲ့က မြန်မာတွေအပါအဝင်နိုင်ငံခြားသားတွေကိုဖမ်းဆီးစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ်လုပ်လာတာပေါ့။ မြန်မာတွေ သိန်းချီအထိ စစ်ဆေးခဲ့တယ်လို့ လည်းသိရပါတယ်။ အဲဒီအပေါ်ရော ဘယ်လိုမြင်လဲ။
ဖြေ-အလုပ်သမားရေးဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်ဖြစ်၊ မဖြစ်၊ အလုပ်လုပ်ပါမစ်ရှိ၊ မရှိ စစ်ဆေးပိုင်ခွင့်ရှိပါတယ်။ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေတွေ့ရှိရင်လည်း အလုပ်သမားဥပဒေအရ အရေးယူဆောင်ရွက်ပြီး မိခင်နိုင်ငံကိုပြန်ပို့တယ်။ ဒါဟာရာဇဝတ်မှုမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့် သဘောထားကတော့ အခုချိန်မှာ ရွှေ့ပြောင်းအလုပ်သမားများကို စစ်ဆေးဖမ်းဆီးပြန်ပို့တာရေးကို မလုပ် သင့်ဘူး။ သူတို့အတွက် အသက်အန္တရာယ်ရှိတယ်။ ရွှေ့ပြောင်းအလုပ်သမားများကို စစ်ဆေးဖမ်းဆီးပြီး အလုပ်ရှင်မရှိရင် အလုပ်ရှင်ရှိအောင်လုပ်၊ အလုပ်ပါမစ်မရှိရင် အလုပ်ပါမစ်ရှိအောင်လုပ်ပေးတာပဲ ဖြစ်သင့်တယ်။ ထိုင်းအစိုးရက မြန်မာနိုင်ငံရေးအခြေအနေကိုနားလည်ဖို့လိုတယ်။ ကမ္ဘောဒီးယားနိုင်ငံလို မဟုတ်ဘူး။ ကမ္ဘောဒီးယားနိုင်ငံက ဘာပြဿနာမှမရှိဘူး။ မြန်မာနိုင်ငံကနေ အသက်ဘေးလွတ်ရာ ထွက်ပြေးလာတဲ့လူတွေဟာ အခြေအနေ အမျိုးမျိုး အကြောင်းအမျိုးမျိုးနှင့် ထိုင်းနိုင်ငံကိုရောက်လာ ကြတယ်။ တချို့က နိုင်ငံလှုပ်ရှားသူတွေ၊ ပီဒီအက်ဖ်တွေ၊ ထောက်ပို့တွေ၊ ဘလက်လစ်ဝင်သူတွေ ဖြစ်ကြတယ်။ ဒီလိုလူတွေကို ဖမ်းဆီးပြန်ပို့ခြင်းမလုပ်သင့်ဘူး။ ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုရှိရမယ်။ ရွှေ့ပြောင်းအလုပ်သမားတွေကိုဖမ်းဆီးပြန်ပို့တဲ့ နည်းစနစ်ထက် ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲရေးနည်းစနစ်ကို ဒီထက်ကောင်းမွန်အောင်၊ အလုပ်ရှင်ကအလုပ်သမားလို အပ်မှုကို ဖြည့်စွက်နိုင်အောင်၊ ထိုင်းနိုင်ငံအလုပ်သမားလိုအပ်မှုကို ဖြည့်စွက်နိုင်အောင် လုပ်ရမယ်။ ဖမ်းဆီးပြန်ပို့လည်း မထူးပါဘူး၊ တရားမဝင်မှုကိုလျော့ကျစေနိုင်ခြင်းမရှိပါဘူး။ ဖမ်းဆီးပြန်ပို့လေ ပြန်ဝင်လာလေ ဖြစ်နေအုံးမှာဘဲ။
မေး-မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီး နေ့စဥ်အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ အာဏာသိမ်းပြီး တိုင်းပြည်စီးပွားပျက်အလုပ်အကိုင်တွေမရှိတာတွေကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းကိုအဓိကထွက်ပြေးတိမ်းရှောင်နေကြရပါတယ် ။ အခုနောက်ဆုံး စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေနဲ့ အရွယ်ရောက်လူငယ်တွေကိုစစ်ပွဲထဲ ဇွတ်ဆွဲသွင်းနေတာကြောင့် လူငယ်တွေ ထိုင်းကို လာရောက်တိမ်းရှောင်ကြပါတယ် ။ မြန်မာအများစုက မြန်မာနိုင်ငံမှာပဲနေချင်ပြီး အာဏာသိမ်းစစ်တပ်မရှိတော့တာနဲ့ မြန်မာနိုင်ငံကိုပြန်ကြမှာပါ ။ ဒီအခြေအနေတွေကို ထိုင်းပြည်သူတွေသိပါလား။ သိတာနည်းနေသေးတယ်ဆိုရင် မြန်မာတွေအခြေအနေပိုသိပြီး ပိုစာနာလာနိုင်ဖို့ မြန်မာတွေကဘာတွေ လုပ်သင့်တယ်ထင်ပါလဲ။
ဖြေ-လူသားတိုင်းက ကိုယ့်မွေးရပ်ဌာနေကို မမေ့ကြပါဘူး။ ကိုယ့်မွေးရပ်မြေမှာ ခေါင်းချချင်ကြတာချည်းပဲ။ လူတိုင်းအိမ် ပြန်ချင်ကြတယ်။ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိ၊ အဆင်မပြေလို့သာ အပူရှောင်ပြီး အေးရိပ်ရှာ ကြရတယ်။ အကယ်၍ မြန်မာပြည်အခြေအနေပြန်ကောင်းလာရင် နိုင်ငံတော်ပြန်လည်ထူထောင်ရေးလုပ် တဲ့အခါ အာလုံးက အိမ်ပြန်ကြမှာပဲ။ စစ်တပ်မတက်လာခင်က ပြည်သူ့အစိုးရခေတ်တုန်းက မြန်မာနိုင်ငံပွင့် လင်းလာချိန်မှာ နိုင်ငံတကာခရီးသွားများခဲ့တယ်၊ ရွှေတိဂုံစေတီတော်ဘုရားလည်းများလို့၊ မြန်မာနိုင်ငံဟာ သဘာဝသယံဇာတသိပ်ပေါကြွယ်တယ်။ တနေ့ မြန်မာနိုင်ငံအခြေအနေကောင်းမလာနိုင်ဘူးလို့ဘယ်သူပြောနိုင်မလဲ။ထိုင်းနိုင်ငံဟာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေတာချည်းပဲ။ ကျွန်တော်တို့နေ့စဉ်စားသုံး နေတဲ့ထုတ်ကုန်များဟာ ရွှေ့ပြောင်းအလုပ်သမားတွေနှင့်ဆက်စပ်နေတယ်။ အကောင်းမမြင်တဲ့လူတစ်စုရဲ့ ဆိုရှယ်မီဒီယာမှာ လွှင့်တဲ့သတင်းဟာ သူတို့အမြင်ကျဉ်းလို့၊ ကျင့်ဝတ်ကင်းမဲ့လို့ ဖြစ်ပေါ်လာတာပါ။ ဘယ်သတင်းဌာနကြီးတွေကမှ လိုက်ပြီး ဒီလိုမျိုးသတင်းတွေကို ထုတ်လွှင့်ဝါဒဖြန့်တာမလုပ်ပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အတွက် ဘာမှအကျိုးမရှိဘူး။
မေး-ဒီလပိုင်း ဖြစ်ရပ်တွေကြောင့် ထိုင်းမှာရှိတဲ့ မြန်မာလုပ်သားတွေ စိုးရိမ်မှုအတော်မြင့်တက်နေပါတယ် ။ မြန်မာလုပ်သားတွေကိုရော ဘယ်လိုအကြံပြုချင်ပါလဲ ။
ဖြေ-ရွှေ့ပြောင်းအလုပ်သမားတွေအနေနှင့် ဆိုရှယ်မီဒီယာ၊ တစ်တော့တွေမှာ လွှင့်တဲ့သတင်အမှား၊ ဝါဒဖြန့်မှုတွေကို လိုက်မခံစားကြနဲ့၊ တုန့်ပြန်မှုတွေလည်း မလုပ်ကြနဲ့၊ ငြိမ်ငြိမ်လေးပဲနေလိုက်ကြပါ။ ဘာပြဿနာမှ ဆက်မဖြစ်အောင် နေလိုက်ကြပါ။ မကြောက်ရွံ့ကြနဲ့။ ဒီဝါဒဖြန့်တဲ့သတင်းတွေဟာဒီလူတစ်စုကပဲ ကြံဖန်ပြီးလုပ်ကြတာ။ အစိုးရနဲ့ မဆိုင်ဘူး။ရွှေ့ပြောင်းအလုပ်သမားကိစ္စနဲ့ ပတ်သက်လာရင် အဓိက တာဝန်ရှိတာ အစိုးရပါ။ အစိုးရကလည်း ဥပဒေဘောင်ပြင်ပက လုပ်ဆောင်မှာ မဟုတ်ပါဘူး၊ ဥပဒေဘောင် အတွင်းကသာ ဆောင်ရွက်မှာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ ။