close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“စစ်ကောင်စီတပ်တွေ ရက္ခိုင်ပြည်က ထွက်သွားဖို့ အဓိကဆိုတဲ့ ပုံစံမျိုးနဲ့ (ရခိုင်ပြည်သူ​တွေ)တောင့်ခံကြတယ်”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း နှင့်မေးမြန်းခန်း

ဟန်နွေ/People’s Spring

အာရက္ခတပ်တော်(ULA/AA)အနေဖြင့် ၂၀၂၃ခုနှစ် နိုဝင်ဘာမှစတင်ခဲ့သည့် စစ်ဆင်ရေး သည် ယခုအခါ ဆယ်လ ပြည့်ပြီဖြစ်ပြီး ချင်းပြည်နယ် ပလက်၀မြို့နယ် နှင့် ရက္ခိုင်ပြည်နယ်မှ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ ၊ ရမ်းဗြဲ စသည့် မြို့နယ် တို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။ လက်ရှိတွင်မောင်တော နှင့် ဂွမြို့များကိုအပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိသည်။ စစ်တွေနှင့် အမ်းအပါအဝင် ရက္ခိုင်ပြည်နယ်အတွင်း ကျန်နေသည့် မြို့နယ်အားလုံးနှင့် စစ်ကောင်စီစခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်သွားမည်ဟုလည်း AAက ကြေညာထားသည်။ တစ်ဖက်တွင်လည်း ဆက်တိုက် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က ရက္ခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်း ပြည်သူများကိုပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်။

ရက္ခိုင်ပြည်နယ် ၏ စစ်ရေး နှင့် နိုင်ငံရေး နှင့်ပတ်သက်၍ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းအား People’s Spring ကဆက်သွယ် မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး – လက်ရှိ ရက္ခိုင်ပြည်နယ် စစ်ရေးအခြေအနေ အပေါ် သုံးသပ်ပေးပါလား။ ၂၀၂၃ နိုဝင်ဘာကစပြီး AAက ထိုးစစ်ဆင်ခဲ့တာ ၁၀လလောက် အတွင်း စစ်ရေးအခြေအနေ တစ်စုံလုံးခြုံငုံရှင်းပြပေးပါလား။

Public Service Announcement

Public Service Announcement

ဖြေ – စစ်ရေးအခြေအနေက ၁၀လ အတွင်းမှာ ၁၀ မြို့လို့ ပြောလို့ရမှာပေါ့။ ပလက်၀ အပါအဝင် ၁၁မြို့ပေါ့။ပြီးတော့ နယ်ခြားစောင့်စခန်းတွေရော ဗျူဟာကုန်းတွေရော စခန်းတွေပေါ့ မြို့တွေရှိသေးတယ် မအီတို့လို၊ ကန်ထောင်ကြီးမြို့လို ၊ဆမီးမြို့လို အဲဒီလို မြို့တွေလည်း ရှိသေးတယ်ဆိုတော့ မြို့နယ်ကတော့ ၁၁မြို့နယ် သိမ်းလိုက်ပြီ။ စခန်းပေါင်း ရာချီပြီး တော့ သူတို့ သိမ်းတယ်။ အခုလောဆယ် တိုက်နေတဲ့ မောင်တောမြို့တို့ ဂွမြို့တို့ ရှိနေတာပေါ့ ။ပြီးတော့ ၀ိုင်းပတ်ပိတ်ဆို့ထားတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း အဲဒီလို မြို့ကြီးတွေလည်း ရှိသေးတယ်။ အချိန်တိုအတွင်းမှာ စခန်းကြီးတွေရော မြို့ကြီးတွေရော ဒီလောက်သိမ်းနိုင်တယ်ဆိုတာ သူတို့ရဲ့ စစ်ရေးအရှိန်က တော်တော့်ကို မြန်တယ်လို့ ပြောလို့ရတယ်။ ရှေ့ဆက်ပြီးတော့လည်း မောင်တောလို မြို့က ကျလုကျခင်ဖြစ်နေပြီ။ အခြား ပိတ်ဆို့ထားတဲ့ မြို့တွေလည်း အပြင်ကို ထွက်လို့မရအောင်ကို သူတို့က လှောင်ပိတ်နေတဲ့ အနေအထားမျိုးရှိတယ်။ ဒါကြောင့် ဒီလို မြို့တွေကတော့ စစ်တွေမြို့ဆိုရင်လည်း ပြည်နယ်ရဲ့မြို့တော်၊ အမ်းဆိုရင်လည်း နပခ ဌာနချုပ်၊ ကျောက်ဖြူဆိုရင်လည်း တရုတ်စီမံကိန်းတွေ ရှိတဲ့နေရာ ဒီသုံးမြို့ကတော့ သူတို့ အချိန်ယူပြီး တိုက်လိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဘက် အကျအဆုံးနည်းအောင်ပေါ့။ ပိတ်မိနေတဲ့ ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရမှု မရှိအောင်။ ဒီသုံးမြို့ကတော့ အင်နဲ့ အားနဲ့ တိုက်ရမှာ ဆိုတော့ဒါက အချိန်ယူပြီး တိုက်လိမ့်မယ်။ ဒါပေမဲ့ သူတို့ဘက်က ကြေညာထားတဲ့အတိုင်းဆိုရင် ၂၀၂၅ ဆိုရင် အကုန်လုံး ရက္ခိုင်ပြည်ထဲမှာ စစ်ကောင်စီ စခန်းတွေမရှိအောင် တိုက်မယ်လို့ ပြောထားတဲ့အတွက် ဒါက ဖြစ်နိုင်တယ်လို့ပဲ သုံးသပ်မိပါတယ်။

မေး – AA အနေနဲ့ အချိန်တိုအတွင်း အောင်မြင်မှု ရသလို စစ်ကောင်စီရဲ့ စွမ်းရည်အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ တနိုင်ငံလုံးခြုံပြီးဆိုရင် ဘယ်လိုတွေ့ရပါသလဲ။

ဖြေ -စကစက နိုင်ငံတော် အစိုးရ အထောက်အပံ့နဲ့ ဘတ်ဂျက်တွေအများကြီးသုံးပြီး စစ်အင်အားကို နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ တပ်ဖွဲ့ပေါ့။ ရေတပ်လည်းရှိတယ်။ ကြည်းတပ်လည်းရှိတယ်။ လေတပ်လည်းရှိတယ်။ အင်အား တောင့်တောင့်တင်းတင်းကို ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ မရှိတာက စစ်သားတွေပေါ့။ စစ်သားတွေက တိုင်းပြည်ကို ချစ်စိတ်၊ ဒါငါတို့ တပ်မတော်၊ ဒါငါတို့ နိုင်ငံတော် ဆိုတဲ့ စိတ်ဓာတ် မျိုးက တဖြည်းဖြည်း ပျောက်လာတယ်။ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေကြောင့် သူတို့ဟာ ပြည်သူလူထု ရဲ့ ထောက်ခံမှုက တဖြည်းဖြည်းကျလာတယ်ဆိုတာ သိလာတယ်။ သူတို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းလာတယ်။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ဒဏ်ကြောင့် သူတို့က ကိုယ့်ကိုယ်ကိုယ် တရားခံလိုလို ခံစားလာရတယ်ပေါ့။ ဒါက သူတို့ရဲ့ စိတ်ခံစားမှုမှာ တနည်းအားဖြင့် ကွန်ဖီးဒန့်က တော်တော့်ကို အားနည်းသွားတယ်။ ဒါကြောင့်လည်း ဒီလောက်လက်နက်တွေကောင်းရဲ့သားနဲ့ ဒီလောက်ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးတွေ တပြိုင်နက်လုပ်တာတောင် သူတို့ လက်နက်ချတာတွေ စခန်းကျတာတွေ ထွက်ပြေးတာတွေ တောက်လျှောက် နေရာတိုင်းမှာ ဖြစ်နေတာပေါ့။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့က အင်အား ဘယ်လောက်ပဲကောင်းကောင်း ပြည်သူလူထု ထောက်ခံမှုမရှိတဲ့အတွက်နေရာတိုင်းမှာ စခန်းတွေအများကြီး လက်လွှတ်လိုက်ရတယ် မြို့တွေ အများကြီး ကျလာတယ်။ ဒါက နိုင်ငံရေး စစ်ရေးအားဖြင့် သူတို့မှာ ယုံကြည်မှု အားနည်းလာတယ်။ ရှုံးနိမ့်မှု တစတစရှိလာတယ်။

ရေရှည်မှာလည်း သူတို့အနေနဲ့ ပြန်ပြီး သိမ်းနိုင်တဲ့ မြို့ရယ်လို့ မရှိသလောက်နည်းတယ်။ တနိုင်ငံလုံး တော်လှန်ရေးလုပ်နေကြတဲ့အခါ အရင်တုန်းက ပြည်မက ဗမာတွေက မပါ။ အခုက ပြည်မက ဗမာတွေလည်း ပါလာတယ်။ နိုင်ငံတကာကလည်း ဒီအရေးအခင်းကို စောင့်ကြည့်လာတယ်။ ဒီကိစ္စက ပြည်တွင်းစစ် သဘောမျိုးဖြစ်လာတဲ့အခါမှာ တော်တော်တန်တန်နဲ့တော့ သူတို့ ဆုံးရှုံးထားတဲ့နေရာတွေကို ပြန်တိုက်ပြီးတော့ ယူမယ်ဆိုတာကတော့ ဒါအပြောလောက်ပဲရှိတော့တယ်။ သူတို့ လုပ်တာက လေကြောင်းကို အားကိုးပြီးတော့ ဒုက္ခပေးတဲ့အဆင့် အဲဒါကို အဓိက ထားပြီး လုပ်နေတဲ့အတွက် စစ်ပွဲကတော့ ကြာတော့ ကြာနိုင်တယ်။ ဒါပေမဲ့ စစ်ကောင်စီက တဖြည်းဖြည်း ကျရှုံးလာဖို့ အဲဒီလိုပဲ အခြေအနေမြင်နေရတယ်။ အဓိကတော့ သူတို့မှာ တိုင်းပြည်ချစ်စိတ်၊ တပ်မတော်ကို ချစ်စိတ် အဲဒါက တဖြည်းဖြည်းပျောက်ဆုံးလာတယ်။

ပြည်သူလူထု ထောက်ခံမှု မရှိတဲ့အခါမှာ သူတို့ကိုယ် သူတို့ ယုံကြည်မှု အားနည်းလာတယ်။ ဒါကြောင့်ဒီလိုတောက်လျှောက်ဖြစ်လာတာ။ စစ်တပ်ထဲကို ဝင်မယ့်သူလည်းမရှိတော့ စစ်မှုထမ်း ဥပဒေကို ပြဌာန်းပြီးတော့ အတင်းအဓမ္မ အချိန်တိုအတွင်း သင်တန်းပေးပြီး တပ်ထဲကို အတင်းအဓမ္မ ရိုက်သွင်းနေရတဲ့အခါ ဒီစစ်သားတွေက ပိုပြီးတော့လည်း အကျအဆုံးထိခိုက်မှုများတယ် ထွက်ပြေးမှုတွေများတယ်။ ခြုံလို့ပြောရရင် စစ်တပ်က အရည်အချင်းတော်တော့်ကို ကျရှုံးသွားတယ် ပြီးတော့ တပ်ဦးကျိုးသွားတယ်လို့ ပြောလို့ရတာပေါ့။ ဒါကြောင့် ဒီတိုက်ပွဲမှာ နောက်လည်းပဲ စစ်တပ်အနေနဲ့ ထပ်ပြီး ရှုံးနိမ့်နေအုံးမယ်လို့ ပဲ ပြောချင်ပါတယ်။

မေး – AA ပြောထားသလို စစ်ကောင်စီတပ် ရက္ခိုင်တပြည်နယ်လုံး ကင်းစင်ဖို့ဆိုတာ ဘယ်တော့လောက်လို့ မြင်မိပါသလဲ။

ဖြေ – ULA/AA ဘက်က ကြေညာထားတာကတော့ ၂၀၂၅မှာ ရက္ခိုင်ပြည်သူတွေကို အကောင်းဆုံးလက်ဆောင်ပေးမယ်လို့ ပြောထားတယ်။ သူတို့ စစ်ရေးရည်မှန်းချက်လည်း ၂၀၂၅ကို တားဂတ်ထားတယ်။ ၂၀၂၅ ဆိုတာ အချိန် တစ်နှစ်ကျော်တောင် ယူလို့ရသေးတယ်ဆိုတော့ အခု ၁၀လလောက်တောင် ၁၀မြို့ ကျသွားပြီဆိုရင် နောက် လေးငါးခြောက်မြို့က အဲဒီ အချိန်အတောအတွင်းမှာ အများကြီးဖြစ်နိုင်တယ်။

မေး – ရက္ခိုင်ဒေသ ပြည်သူတွေက အရင်ကတည်းက ပြဿနာမျိုးစုံ ကြုံခဲ့တာပေါ့။ စစ်ဘေး၊ သဘာ၀ဘေးနဲ့ အခြား ပြဿနာတွေရောပေါ့။ ဒီအပေါ်မှာ ရက္ခိုင်ပြည်သူတွေရဲ့ အခက်အခဲ အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ – ဒါကတော့ မှန်ပါတယ်။ စစ်ဖြစ်ကတည်းက စစ်ကောင်စီဘက်က မြို့တွေကိုမီးရှို့ထားတယ်။ ပြည်မနဲ့ ဆက်သွယ်တဲ့ လမ်းတွေကို ပိတ်ဆို့ထားတယ်။ ပစ္စည်းပစ္စယ ဆေးဝါးကအစ စားကုန်သောက်ကုန်၊ လောင်စာဆီ အကုန်လုံးကို ဖြတ်တောက်ထားတယ်ပေါ့။ အဲဒီလို လုပ်ထားတဲ့အတွက် ရက္ခိုင်ပြည်မှာ ကုန်စျေးနှုန်းက သုံးလေးဆလောက် မြင့်တက်သွားတယ်။ အဲဒီအထဲမှာ စစ်ဘေးဒဏ်ခံရတယ် သဘာ၀ ဘေးဒဏ်ခံရတဲ့အတွက် ရက္ခိုင်ပြည်သူတွေဟာ တော်တော့်ကို အခက်အခဲ ပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်ပေါ့။ ဒါပေမဲ့ သူတို့ကလည်းပဲ စိတ်ဓာတ်အားဖြင့်တော့မာတယ်။ စစ်ကောင်စီတပ်တွေ ရက္ခိုင်ပြည်က ထွက်သွားဖို့ အဓိက ဆိုတဲ့ ပုံစံမျိုးနဲ့ တောင့်ခံကြတယ်ပေါ့။ ULA/AAကိုလည်း သူတို့ဘက်က အများကြီး ထောက်ခံကြတယ်။ အခက်အခဲ အကြပ်အတည်းကြားကကို ဥပမာ ထမင်းထုပ် တစ်ထုပ်ကိုတောင် တစ်ယောက်တစ်ဝက် ဝေစားတဲ့သဘောမျိုး ပေါ့ အဲဒီလောက် သဘောမျိုး တောင့်ခံကြတယ်။ ULA အပေါ်မှာလည်း တော်တော့်ကို ယုံကြည်မှု ရှိကြတယ်။ စစ်ကောင်စီအပေါ်မှာလည်း မုန်းတီးနားကြည်းမှု တော်တော်ရှိတယ်။ ဒါကြောင့် အခက်အခဲကြားက တောင့်ခံပြီးတော့ တော်လှန်ရေးအတွက် ပူးပေါင်းပါဝင်ကြတယ်လို့ပဲ မြင်တယ်။

မေး – AA အနေနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အရာတွေက ဘာတွေဖြစ်မလဲ။ ဘာအကြံပေးလိုပါသလဲ။

ဖြေ – AAက တော့ သူ့ရဲ့ စစ်ရေးရည်မှန်းချက်နဲ့ နိုင်ငံရေး ရည်မှန်းချက်ကို အမြဲတမ်း မူက ချပြီးသားဆိုတော့ ဖြစ်လာတဲ့အခြေအနေမှာ သူတို့ဘက်က ဘယ်လိုမီးစင်ကြည့်ပြီး ကမလဲဆိုတာ တစ်ဖက်က ရှိတာပေါ့။ သူ့ဘက်က နိုင်ငံကခွဲမထွက်ပါဘူးဆိုတာ တရားဝင်ပြောထားတယ်။ ကွန်ဖက်ဒရေးရှင်းလိုချင်တယ်ဆိုတာလည်း ပြောထားတယ်။ အဲဒီဟာ စစ်ရေး ရည်မှန်းချက် ပြည့်၀ရင်တော့ နိုင်ငံရေးဘက်ကို ဦးလှည့်ရမယ်။ ဒါမှမဟုတ် သီးခြား နိုင်ငံ ထူထောင်မလားပေါ့။ သီးခြားနိုင်ငံ မထူထောင်ဘူးဆိုရင်တော့ ပြည်တွင်း နိုင်ငံရေးအင်အားစုတွေနဲ့ ဆွေးနွေးရမှာပေါ့။ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ထက် တော်လှန်ရေးအင်အားစုတွေနဲ့ ဆွေးနွေးပြီးတော့ အနာဂတ် ပြည်ထောင်စု တစ်ခုကို ဘယ်လို တည်ဆောက်ကြမလဲဆိုတာ အဲဒီ ဘက် နိုင်ငံရေးလမ်းကြောင်းဘက်ကို ဆက်ရလိမ့်မယ်လို့ ထင်တယ်။ သူ့ဘက်က လွတ်လပ်ရေးကို မကြေညာဘူးဆိုရင်တော့ ဒီနိုင်ငံထဲမှာပဲ ဘယ်လိုအခွင့်အရေးရမလဲ ရက္ခိုင်ပြည်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ဘယ်လောက်ထိရမလဲ ဆိုတဲ့ဘက်ကို သူ့အနေနဲ့ ပြန်ပြီးတော့ ဆွေးနွေးရမယ့် အခြေအနေတစ်ခု ရောက်လာမှာပေါ့။ အဲဒီအခြေအနေကလည်း ဘယ်အချိန်ရောက်မလဲ ကျနော်တို့ မပြောတက်ဘူးပေါ့။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေ အင်အားကောင်းလာတဲ့အခါမှာ အဖြေတစ်ခု ပေါ်ပေါက်လာမယ်လို့ ထင်တယ်။ စစ်ကောင်စီနဲ့ သူ့ဘက်က ညှိနှိုင်းမှာ မဟုတ်ဘူးလို့ ယူဆတယ်။ အဲဒီအချိန်အတောအတွင်းမှာတော့ သူ့ဘက်က နိုင်ငံရေး စစ်ရေးကို ကိုယ်ရထားတဲ့နေရာတွေကို ပြန်ပြီးတော့ ဟိုဘက်ကပြန်မသိမ်းနိုင်အောင် ကာကွယ်ရေးအစီအစဉ်ရှိမယ် ကိုယ့်တိုင်းပြည် ကိုယ့်ဒေသကို ပြန်ပြီးတော့ ထူထောင်ရမယ့် အခြေအနေရှိတယ်။ တရားဥပဒေ စိုးမိုးရေး၊ အုပ်ချုပ်ရေး အဲဒါတွေကို လုပ်ရမယ့် ကိစ္စတွေရှိတယ်ဆိုတော့ သူ့မှာတော့ တာဝန်တွေအများကြီး ရှိတာပေါ့။ အဲဒီတာဝန်တွေကိုလည်း သူ့ဘက်က နိုင်နိုင်နင်းနင်း ထမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုရင် စစ်ရေးလောက် ကြီးကျယ်တဲ့ကိစ္စမရှိဘူး။ စစ်ရေး အပြီးသတ်ပြတ်သွားတဲ့အခါကိုယ့်ဒေသကိုတည်ငြိမ်အောင် အနည်းဆုံး ကိုယ့်လုပ်အားနဲ့ကိုယ် ကိုယ့်တိုင်းပြည်ကို ထူထောင်နိုင်အောင်ပေါ့။ အဲဒါလည်း သူ့ဘက်က လုပ်နိုင်မယ်လို့ ယူဆတယ်ဗျ။

မေး – AA ကို ဘာအကြံပြုလိုပါသလဲ။

ဖြေ – ကျနော်တို့က ယုံကြည်ပါတယ်။ ULA/AAက စစ်ရေးနိုင်ငံရေး ရည်မှန်းချက် ကို ကျနော်တို့ ပြည်သူတွေက ယုံကြည်တယ် အားကိုးတယ်။ တချိန်က မစို့မပို့ ရပိုင်ခွင့်လေးတွေနဲ့ နှစ်ပေါင်းများစွာ အခွင့်အရေးတွေအများကြီး ဆုံးရှုံးခဲ့ရတယ်။ ကျနော်တို့ရဲ့ ရပိုင်ခွင့်တွေ သယံဇာတ အကျိုးအမြတ်တွေကအစ ကုန်သွယ်မှုကအစ အကုန်လုံး တိုင်းပြည်ရဲ့ ဝင်ငွေတွေကို ရက္ခိုင်ပြည်သူတွေ ပိုပြီး သုံးလာရလိမ့်မယ် အဲဒီ အခြေအနေမျိုးကို ULA/AAက ရအောင် ဆောင်ကြဉ်းသွားလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ အများကြီး မျှော်လင့်နေတယ်။

မေး – မောင်တော၊ ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွေမှာဆိုရင် ရိုဟင်ဂျာအ​ရေးနဲ့ပတ်သက်ပြီး AA အနေနဲ့လုပ်ရ ကိုင်ရ အခက်ကြုံခဲ့တာရှိတော့ တကယ်လို့ အဲဒီ မြို့တွေသိမ်းပြီးရင် အဲဒီပြဿနာတွေ ဆက်ရှိနိုင်လား။

ဖြေ – ရှိနေမှာပါ။ ဒါပေမဲ့ ULA/AAက ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက မြန်မာစစ်တပ်က အဲဒီနေရာမှာ တကယ့် စိတ်ရင်းစေတ နာနည်းနဲ့ ဖြေရှင်းတာထက် အဲဒီမှာ ကျတဲ့ တာဝန်ခံ အရာရှိတွေ စီးပွား ရှာတာ ပိုများတယ်။ ပြီးတော့ တနိုင်ငံထဲမှာကို လူမျိုးတမျိုးအပေါ်မှာ ကန့်သတ်ထားချက် တွေက မတူဘူး။ သူတို့သွားမယ်ဆိုရင် ပုံစံတွေအများကြီး ရေးထိုးပြီးတော့ သွားရတယ်။ ဗမာပြည်ကို သွားရင်တော့ သွားလို့မရဘူး ရက္ခိုင်ပြည်ထဲမှာ နေရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးပေါ့။ ဒါက အချင်းချင်း စိတ်ဝမ်းကွဲစေတယ်။ ပြီးတော့ သူတို့ အနေနဲ့ နှိမ့်ချိုးခံရတယ်ဆိုတဲ့ သဘောမျိုး။ ကျနော်တို့ မြင်တာကတော့ ULA/AA ကတော့ နိုင်ငံသား အခွင့်အရေး ပေးပါလိမ့်မယ်။ နိုင်ငံသား အခွင့်အရေး ဆိုတဲ့ဟာမှာ ကိုယ့်ရက္ခိုင်ပြည်မှာ နေထိုင်ခဲ့တဲ့ မွတ်ဆလင်တွေကို နိုင်ငံသားလို့ သတ်မှတ်မှာဆို သေချာတာပေါ့။ အဲဒီလို အချိန်အခါမှာ ဒီပြဿနာတွေ လျော့နည်းသွားလိမ့်မယ်။ နိုင်ငံသားအခွင့်အရေး ရပြီဆိုရင် လူ့အခွင့်အရေး ဆိုတာတော့ ဒါ တည်ဆောက်ပြီးသားဖြစ်တယ်။ သူ့ဘက်ကလည်း လူမျိုးဘာသာ မခွဲခြားဘဲ တိုင်းပြည်ကို အုပ်ချုပ်သွားမယ်။ မူဆလင်တွေလည်း ရက္ခိုင်နဲ့ အတူတူ နေလို့ရတယ်။ ဒါပေမဲ့ ရက္ခိုင်ပြည်ထဲမှာ နေပြီး ဒီတိုင်းပြည်ကို ချစ်မြတ်နိုးဖို့ ဒီတိုင်းပြည်ကို မပုန်ကန်ဖို့ အဲဒီလို စစ်သွေးကြွတွေနဲ့ ပူးပေါင်းမလုပ်ဆောင်ဖို့ ၊ အကြမ်းဖက်စစ်တပ်နဲ့ ဝင်မကူဖို့ အဲဒါမျိုးတော့ သူ့ဘက်က ပြောတာတွေ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အင်တာဗျူးမှာ တွေ့လိုက်တာပေါ့။ ဒီလိုဆိုတော့ အဲဒီလို ခလောက်ဆန်မယ့် အဖွဲ့အစည်းတွေ မရှိဘူး အကြမ်းဖက်အဖွဲ့အစည်းတွေ မရှိဘူးဆိုရင် သူတို့လည်း နိုင်ငံသား အခွင့်အရေး ကိုယ့်ရက္ခိုင်နဲ့ တန်းတူ အခွင့်အရေးရမယ်ဆိုတာ သေချာပေါက်ဖြစ်ပါတယ်။ ဒီဘက်ကလည်း မူဆလင်တွေဆိုပြီး နှိမ်လို့ မရသလို သူတို့ဘက်ကလည်း အကြမ်းဖက်ဖို့ ကိစ္စတွေ မပေါ်ပေါက်လာတော့ဘူးပေါ့။တစ်ဖက်နိုင်ငံကို မီခိုပြီးတော့ ရက္ခိုင်ပြည်ကို မတည်ငြိမ်အောင် လုပ်နေတာတွေလည်း အာရက္ခ တပ်တော်က နိုင်နိုင်နင်းနည်း ကိုင်တွယ်နိုင်လိမ့်မယ်ထင်တယ်။ ဘူးသီးတောင် ၊ မောင်တောသာ ULA/AAလက်ထဲ ရောက်သွားပြီဆိုရင် ဒီပြဿနာ တဖြည်းဖြည်း မီးစာကုန် ဆီခမ်း တဖြည်းဖြည်း ကိစ္စဝိစ္စတွေပြီးသွားလိမ့်မယ်။ အားလုံး အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဖြစ်သွားလိမ့်မယ်လို့ ယူဆပါတယ်။

မေး – ပလက်၀ ကိစ္စနဲ့ပတ်သက်ပြီး ချင်းတိုင်းရင်သားတွေနေနဲ့ ပြဿနာရှိနိုင်တဲ့ အပေါ် ဒါကိုဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်ပါသလဲ။

ဖြေ – ပလက်၀မှာ ချင်းတိုင်းရင်းသားတွေရှိသလို ရက္ခိုင်ပြည်ထဲမှာလည်း ချင်းတိုင်းရင်းသားတွေအများကြီး ရှိပါတယ်။ သူတို့နဲ့ ပြဿနာ မဖြစ်ဖို့ပဲလိုတယ်။ ပလက်၀တို့ ချင်းပြည်နယ်ဆိုတာက ရက္ခိုင်ပြည်နယ်အတွက် စီးပွားရေးအရသာ အရေးမကြီးပေမယ့် စစ်ရေးအရ တော်တော့်ကို အရေးကြီးပါတယ်။ အဲဒီ ပလက်၀ကိုသာ အာရက္ခ တပ်တော်က မထိန်းဘူးဆိုရင် နောက်ကြောကို ဝင်ပြီးတော့ဓားနဲ့ အထိုးခံရမှာပေါ့။ စစ်ကောင်စီက အဲဒီဘက် ပတ်ပြီး တိုက်နိုင်တယ်။ ထို့အတူ ဒီဘက် ပြည်မက နယ်စပ်တွေဖြစ်တဲ့ မင်းဘူးတို့ မကွေးတို့ အဲဒီနေရာမျိုးတွေကိုလည်း ပြည်မ တော်လှန်ရေးအင်အားစုတွေနဲ့ ULA/AA ဘက်က ပါနေတာပဲလေ။ ကိုယ့်ဘက်ကလည်း လုံခြုံဖို့ သူတို့လည်း တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့ အဲဒီလို အခြေအနေမျိုး။ အဲဒီနေရာမှာ ချင်းကို ရက္ခိုင်နဲ့ တန်းတူ ထားပြီး ဆက်ဆံမယ်ဆိုရင် ဘာမှ ပြဿနာ ဖြစ်လာစရာ အကြောင်းမရှိဘူးပေါ့။ ကျနော်တို့က အတူတူ နေထိုင်လို့လည်းရတယ် သီးခြားနေထိုင်မယ်ဆိုလည်း ဘာမှ ပြဿနာမဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရက္ခိုင်ပြည်နယ် က ချင်းပြည်နယ်ကို မီခိုစရာတော့ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။ ရက္ခိုင်ကိုသာ အဲဒီ ပလက်၀ ဒေသက အမြဲတမ်းမီခိုနေရတာပါ။ ဒါကြောင့် ဒီကိစ္စတွေက အဲဒီနေရာမှာ ရှိတဲ့ ပလက်၀ ပြည်သူတွေက ဆုံးဖြတ်မယ့် ကိစ္စတွေပဲဖြစ်တယ်။ နိုင်ငံရေးအားဖြင့် ဆွေးနွေးရမယ့်ကိစ္စတွေ နောက်လည်း ဆွေးနွေးဖို့ လိုအပ်တယ်။ အဲဒါက နောက်ပိုင်းမှာ ရေရှည်ဖြေရှင်းရမယ့် ပြဿနာလို့ မြင်ပါတယ်။

မေး – ဘာများဖြည့်စွက်ပြောလိုပါသလဲ။

ဖြေ – အကောင်းဆုံးဖြစ်သွားပါလိမ့်မယ်။ ULA/AAဘက်က ထိန်းချုပ်ထားတဲ့ ဧရိယာထဲမှာ စစ်ကောင်စီတပ်က မဝင်လာနိုင်တော့ဘူးဆိုရင် အကုန်လုံး ကိုယ့်အချင်းချင်း ဖြေရှင်းလို့ ရပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အမှတ်(၂၈)ရဲတပ်ရင်းအနီးတွင် အက်ဆစ်နှင့် ကြေးနီတင်ယာဥ်တန်းလုံခြုံရေးအတွက် ကင်းထွက်လာသော စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ပိုင်းတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား နှစ်ကြိမ်တိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရမိကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့ရှိ မီးသတ်ဦးစီးဌာနရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား သွားရောက်တိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိရာ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုပြန်ဆုတ်သွားစဥ် ဒဏ်ရာရသူများကိုပါ ရေကြောင်းမှတဆင့် ပုလောမြို့ဘက်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ပုလောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။