ဟာနာဆန်/People’s Spring
အောက်တိုဘာ ၃၁ရက် နေ့လည် ၂နာရီခန့်က ရေစကြိုမြို့မှလာသော စစ်ကားတစ်စီးအား မြို့အထွက် ဘက်စုံခြံအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။
ထို့အပြင် နိုဝင်ဘာ ၁ရက် နံနက် ၇ နာရီခန့်ကလည်း မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းမှ လာသော အင်အား၇၀ခန့်ပါ စစ်ကြောင်းအား တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း ရေစကြိုပကဖက ပြောသည်။

“နီပဆေးတောရွာကို သုံးကြောင်းခွဲပြီး တက်လာတာ။ ကင်းစောင့်တဲ့ရဲဘော်တွေနဲ့တွေ့တော့ ပစ်ခတ်မှုဖြစ်တာ။ တစ်ကောင်လဲသွားတယ်။ နယ်မြေရှင်းလင်းတော့သွေးကွက်တွေဘာတွေတွေ့တယ်။”ဟု ရေစကြိုပကဖမှ ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement
အဆိုပါစစ်ကြောင်းသည် ရေစကြိုမြို့နယ်၊ နီပဆေးတောကျေးရွာဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၉လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
သို့သော် ဒေသခံပြည်သူများက ကြိုတင်တိမ်းရှောင်နိုင်ခဲ့၍ ဖမ်းဆီးခံရမှုမရှိကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ် မီးရှို့နေစဥ် ရေစကြိုပကဖက ၆၀မမ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၁ရက်က ရေစကြိုမြို့နယ်၊ ခလရ (၂၅၆)တပ်ရင်းမှလာသည့် အင်အား ၇၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ဇီးကုန်းနှင့် ဇီးကုန်းကျွန်းကျေးရွာကြားတွင် ရေစကြိုပကဖက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်သား ၈ဦး သေဆုံးကာ လက်နက်များလည်း သိမ်းဆည်းရမိခဲ့သည်။ ရေစကြိုပကဖဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးပြီး စစ်ကောင်စီတပ်က သံဃာတစ်ပါးနှင့် ပြည်သူ ၂ ဦးကို သတ်ဖြတ်ထားခဲ့သည်။
