ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အခြေစိုက် Myingyan Black Tiger(MBT)တပ်ဖွဲ့က ကျည်ဝယ်ရလွယ်ကူသည့် 5.56mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်အား အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း ယင်းတပ်ဖွဲ့က အသိပေး ထုတ်ပြန်သည်။
5.56mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်အား နိုဝင်ဘာ ၇ရက်တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ရှေ့တန်းစစ်မျက်နှာပြင်၌ ကျည်ရှားပါးနေသော ရဲဘော်များအတွက် အဓိက ရည်ရွယ် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့က အသိပေးသည်။
“အရင်က ရဲဘော်တွေသုံးနေတာက အိန္ဒိယကိုးလုံး သေနတ်တွေကို အသုံးပြုနေတယ်။ အဲဒီသေနတ်တွေက ကျည်ရှားပါးတယ်။ ပိုက်ဆံရှိလို့ ဝယ်ချင်တိုင်းဝယ်လို့မရတဲ့ ပြဿနာတွေရှိတယ်။ တော်တော်လေးရှာရခက်တယ်။ သေနတ်တွေ Error ဖြစ်တာများတယ်။ အခုထုတ်တဲ့သေနတ်က ကျည်ဝယ်ရလွယ်ကူတယ်။”ဟု MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

Public Service Announcement
ကာဘိုင်သေနတ် အမျိုးအစားသည် ပေါ့ပါး၍ ပစ်မှတ်ကို မီတာ ၁၀၀အတွင်း တိကျစွာ ပစ်ခတ်နိုင်၍ ရှေ့တန်း၌ ကိုးလုံး (ရှော့ဂမ်း)အစား ယခု 5.56mmကျည်သုံး ကာဘိုင်များအား အစားထိုးအသုံးပြုသွားမည်ဟု MBT တပ်ဖွဲ့က ဆိုသည်။
MBT တပ်ဖွဲ့သည် “End Point” ကမ်ပိန်းပြုလုပ်နေပြီး ဆက်လက်ကူညီထောက်ပံ့ပေးပါရန်လည်း ပြည်သူများအား မေတ္တာရပ်ခံထားသည်။
Myingyan Black Tiger (MBT)တပ်ဖွဲ့သည် မြင်းခြံခရိုင်အပြင် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း၌ပါ စစ်ဆင်ရေးများ ဆောင်ရွက်နေသည်။
