ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှိူ့၍ ကမ္ဘဲ့ကျေးရွာရှိ နေအိမ် ၃၀ကျော် မီးလောင်ပြာကျပြီး ကလေးတစ်ဦးအပါအဝင် ပြည်သူနှစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့သည်။
ယမန်နေ့(ဒီဇင်ဘာ၁ရက်) နံနက် ၅ နာရီခန့်က ကမ္ဘဲ့ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာနေအိမ် ၃၃လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောသည်။

ထို့နောက် နံနက် ၇နာရီခန့်တွင် သမန္တပို့တောကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲပြီး အသက် (၃၂)နှစ်အရွယ် မရီရီနွယ်နှင့် အသက် (၆နှစ်အရွယ် မယွန်းဝတီကျော်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောသည်။

Public Service Announcement
“ကလေးက တင်ပါးဆုံဒဏ်ရာရတယ်။ အမျိုးသမီးက ဦးခေါင်းနဲ့ ခြေထောက်ဒဏ်ရာရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည်မိုင်းဆွဲခံရခြင်း၊ တိုက်ပွဲဖြစ်ခြင်းများမရှိဘဲ အကြောင်းမဲ့ဝင်ရောက်မီးရှို့ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နိုဝင်ဘာ ၂၁ ရက်ကလည်း ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၃၄လုံး ပျက်စီးပြီး အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရကာ အမျိုးသားတစ်ဦး သေဆုံးခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းထားသည့် ကာလအတွင်း၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၄ သြဂုတ် ၃၁ရက်အထိ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် ၁၀၁,၄၇၄လုံး ပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။
