အိမ်သွင်/People’s Spring
တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နှုတ်ထွက်လိုသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအများအပြားရှိနေပြီး နှုတ်ထွက်ပါက စစ်မှုထမ်းဥပဒေဆန့်ကျင်သူဟု သတ်မှတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက် ထားသည်။
People’s Spring၏ စုံစမ်းမေးမြန်းမှုများအရ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ သည် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုတော့ဘဲ နှုတ်ထွက်ခွင့်ရရေးကြိုးပမ်းနေသည်။ သို့သော် သဘောထားတင်းမာသည့် စစ်တပ်မှပြောင်းလာသော မိုးကျရွှေကိုယ် မြို့နယ်အုပ်ချုပ်ရေးမှူးများက ၎င်းတို့အား ခြိမ်းခြောက်၍ ရာထူးမှနှုတ်ထွက်ခွင့်မပေးဟု နေပြည်တော် ဇေယျာသီရိမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“စလုပ်ကတည်းက အိမ်က သဘောမတူဘူး။ ယာယီလုပ်ထားပေး၊ အသစ်ခန့်ပေးမယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဖိအားပေးလို့ လုပ်လိုက်တာ။ အခုထွက်မယ်လို့ပြောတော့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တာလားဆိုပြီး ခြိမ်းခြောက်တဲ့သဘော ပြောလာတယ်။ ထွက်လို့မရဘူးဖြစ်နေတယ်”ဟု အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။

Public Service Announcement
အလားတူပြဿနာသည် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့နယ်အများအပြားတွင် ရှိနေသည်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁၀ဦးအား People’s Spring က ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အား မြို့နယ်အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်ခွင့်မပြုဘဲ ဖိအားပေးခြိမ်းခြောက်နေသည်ဟု ဆိုသည်။
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကလည်း စစ်မှုထမ်းရန် လူသစ်စုဆောင်းခိုင်းမှုသည် ၎င်းတို့အတွက် ဖိအားအလွန်များပြားနေပြီး ရွာသားအချင်းချင်းကြား ပေါင်းသင်းဆက်ဆံရေး ပျက်ပြားသွားပြီဟု ဆိုသည်။
” ကျနော်လည်းထွက်မလို့ ကြိုးစားနေတာ။ ဒါပေမဲ့ ဘယ်လိုမှအကြောင်းပြချက်ပေးလို့မရတော့ဘူး။ အဆိုးဆုံးကတော့ စစ်မှုထမ်းဥပဒေနဲ့ကိုင်ပေါက်နေတာ။ စစ်တပ်က အတည်ပြုပေးထားတဲ့ ဒီဥပဒေကို မင်းကဆန့်ကျင်တာလားဆိုပြီး မေးတယ်။ ထွက်ရင် အာဏာဖီဆန်မှုနဲ့ ဖမ်းမယ်ဆိုတာမျိုးအထိ ဖြစ်နေတယ်”ဟု ပြောသည်။
စစ်အာဏာရှင်တော်လှန်ရေး လူထုတိုက်ပွဲတွင် ရှုံးနိမ့်နေသည့်စစ်ကောင်စီက အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မူလကနဦးအစက ရပ်ကွက်နှင့်ကျေးရွာများအတွင်း မဲနှိုက်ခြင်း၊ ငွေကြေးဖြင့် အစားထိုးလူစုဆောင်းခြင်းတို့ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် လူသစ်စုဆောင်း၍မရသည့်ပြဿနာများ ဖြစ်လာသည်။
စစ်မှုထမ်းအပတ်စဉ်တစ်ခုလျှင် တစ်ရပ်ကွက် သုံးဦးနှုန်း လူသစ်စုဆောင်းပေးရန် ရပ်ကွက် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ဖိအားပေးခံနေရသည်။
တော်လှန်ရေးအားကောင်းပြီး တိုက်ပွဲများဖြစ်ပွားနေသည့်ဒေသများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား စစ်ကောင်စီအတွက်အကောင်အထည် ဖော်ပေးနေသည့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ ပစ်ခတ်ရှင်းလင်းခံခဲ့ရသည်။ ၎င်းတို့ကို ပစ်ခတ်ရှင်းအရေးယူသွားမည်ဟူ၍လည်း တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။
ထို့နောက်ပိုင်းတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများသည် နှုတ်ထွက်ခွင့်ရရေး အစုလိုက်၊ အပြုံလိုက် ကြိုးစားလာကြသည်။ သို့သော် စစ်ကောင်စီက ဟန့်တားထားသည်။
လူသစ်စုဆောင်း၍မရသည့် စစ်ကောင်စီက လူငယ်များအား အတင်းအဓမ္မဖမ်းဆီးပြီး စစ်သင်တန်းများသို့ ပို့ဆောင်နေသည်။စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်မှတိုက်ပွဲများတွင် စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသည့် သင်တန်းဆင်းများ တိုက်ပွဲအတွင်းသေဆုံးမှုများပြားနေသည်။
ရခိုင်ပြည်နယ် ဂွမြို့တွင် နိုဝင်ဘာ၂၆ရက်ကဖြစ်ပွားသောတိုက်ပွဲအတွင်း ဧရာဝတီတိုင်းမှ စစ်သင်တန်းဆင်းများပါဝင်သည့် လူငယ်အများအပြား သေဆုံးခဲ့သည်။
လတ်တလောနိုင်ငံရေးအခြေအနေမှာ စစ်ကောင်စီသည် မြို့အများအပြားကို တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ဆုံးရှုံးနေရသည်။မြို့ ၉၀ နီးပါးကို တော်လှန်ရေးတပ်များက အပြီးသတ် သိမ်းပိုက်ထားသည်။ မြို့ပေါင်း ၁၀ဝကျော်ကို တော်လှန်ရေးတပ်များက ဝိုင်းဝန်းပိတ်ဆို့ထားသည်။
ပြည်သူ့တော်လှန်စစ်ဖြစ်နေသည့် မြို့ပေါင်း ၇၄ မြို့ရှိပြီး စစ်ကောင်စီက အလုံးစုံထိန်းချုပ်ထားသော မြို့ပေါင်း ၉၈ မြို့သာရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကပြီးခဲ့သည့်သြဂုတ်တွင် ပြောဆိုထားသည်။
စက်တင်ဘာမှ လက်ရှိ န်ိုဝင်ဘာအတွင်း ၁၅ မြို့ထက်မနည်းကို တော်လှန်ရေးပူးပေါင်းတပ်များက ထပ်မံသိမ်းယူထားပြီး စစ်ကောင်စီ အထိနာနေသည်။
ယခုလအတွင်း စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ်(၈)အတွက် လူစုဆောင်းနေပြီး သတ်မှတ်ဦးရေ ရှာဖွေပေးရန် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ ဖိအားပေးခံနေရသည်။
