သြဂုတ် – ၇၊ ၂၀၂၅။ ကျော်ဇော/People’s Spring
ထားဝယ်ခရိုင်၊လောင်းလုံးမြို့ပေါ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့နေအိမ်အချို့ထိခိုက်ပျက်စီးပြီး မြို့နေပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
သြဂုတ် ၇ ရက်နေ့ညနေပိုင်းမှာ လောင်းလုံးမြို့မရဲစခန်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက (ဃ)ရပ်ကွက်၊ အထက (၁)လမ်းဘက်ကို လက်နက်ကြီး (၃)လုံးပစ်ခတ်ခဲ့တာကြောင့် နေအိမ်နှစ်လုံးထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံအချို့က ပြောပါတယ်။
“အခုဆိုညကလည်းထား၀ယ်ကနေလောင်းလုံးဘက််ကို အကြောင်းမဲ့လက်နက်ကြီးပစ်နေတာရှိတယ်။ အခုလည်း ပစ်နေတယ်ဗျ။ လောင်းလုံးမြို့ပေါ် နေအိမ်နှစ်ဆောင် ထိခိုက်ပျက်စီးသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး”လို့ လောင်းလုံးမြို့နယ် ပကဖ မှတာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

Public Service Announcement
ဒါ့အပြင်ထားဝယ်မြို့၊အကောက်ခွန်ဆိပ်မှာတပ်စွဲထားတဲ့စစ်ကောင်စီရဲ့ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၂၅)မှ တပ် သားများကလည်း လောင်းလုံးမြို့ဘက်သို့ဦးတည်၍ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်နေတယ်လို့ ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။
အခုလိုစစ်တပ်တွေကလက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေတဲ့တချိန်တည်းမှာလောင်းလုံးမြို့ပေါ်မှာရှိတဲ့လူငယ်တွေဟာပေါ်တာဆွဲဖမ်းဆီးခံရမှာကိုစိုးရိမ်ပြီး မြို့ပေါ်ကနေဘေးလွတ်ရာထွက်ပြေးနေကြတယ်လို့ စုံစမ်းသိရပါတယ်။
“ပြေးနေကြတယ်ဗျ။လောင်းလုံးမြို့ပေါ်လူငယ်တွေလက်နက်ကြီးပစ်ပြီးတာနဲ့ပေါ်တာဆွဲမှာကြောက်လို့ပြေးကုန်ကြပြီ”လို့ဒီကနေ့(သြဂုတ် ၇ ရက်)ညပိုင်းအခြေအနေကို ဒေသခံတဦးက ပြောပါတယ်။
လောင်းလုံးမြို့ပေါ်မှာ ရပ်ကွက် (၄)ခုရှိတဲ့အနက် ရပ်ကွက်အသီးသီးမှာရှိတဲ့လူငယ်အများစုဟာစစ်ကောင်စီတပ်ရဲ့ ရန်ကိုကြောက်ပြီး တစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
လတ်တလော လူထုကြားမှာပြန့်နှံ့နေတဲ့သတင်းတွေအရ စစ်တပ်ဟာ စစ်မှုထမ်းသင် တန်းအတွက် ထားဝယ်ခရိုင်ကနေ သင်တန်းသား ၃၀၀ ဦးခန့် တပ်သားသစ်စုစောင်းဖို့ရှိနေတယ်လို့ ပြောဆိုနေကြသလို အခုရက်ပိုင်း ထားဝယ်မြို့ပေါ်မှာလည်း မြို့အဝင်အထွက်တွေကို ပိတ်ဆို့၍ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက် တိုက်လုပ်နေပါတယ်။
