ဩဂုတ်-၉၊၂၀၂၅။ဆဏ်း/People’s Spring
စက်တင်ဘာလအတွင်း ဩစတေးလျနိုင်ငံမှာ ဖျော်ဖြေပွဲတွေပြုလုပ်မယ့် တော်လှန်အနုပညာရှင် ဒေါင်းရဲ့ မဲလ်ဘုန်းမှာပြုလုပ်မယ့်ပွဲ လက်မှတ်တွေကို ဩဂုတ် ၈ ရက်မှာ စတင်ရောင်းချနေပါတယ်။
Daung Live in Melbourne လို့ အမည်ပေးထားတဲ့ ဖျော်ဖြေပွဲကို စက်တင်ဘာ ၇ ရက်မှာ မဲလ်ဘုန်း မြို့လယ်က Collingwood Town Hall မှာ ပြုလုပ်မှာဖြစ်ပြီး ဖျော်ဖြေပွဲလက်မှတ် ၄၀၀ ရောင်းချသွားမှာဖြစ်တယ်လို့ Daung’s Australia Tour 2025 ပေ့ခ်ျမှာ အသိပေးထားပါတယ်။
လက်မှတ်ခဈေးနှုန်းတွေကိုတော့ ဩစတေးလျဒေါ်လာ ၁၇၅ ၊ ၁၅၀ နဲ့ ၁၀၀ ဆိုပြီး အသီးသီးဈေးသတ်မှတ်ထားပါတယ်။

Public Service Announcement

ဒီဖျော်ဖြေပွဲအပြင် ဆစ်ဒနီမြို့မှာ စက်တင်ဘာ ၁၃ ရက် နဲ့ ဘရစ်ဘိန်းမြို့မှာ စက်တင်ဘာ ၂၀ ရက် မှာ ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်သွားမှာပါ။
ဆစ်ဒနီပွဲ နဲ့ ဘရစ်ဘိန်း မြို့က ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကိုလည်း ဒီရက်ပိုင်းမှာ စတင်ရောင်းချမှာဖြစ်ပြီး သုံးပွဲစလုံးမှာ ဒေါင်းနဲ့ Movie Date နိုင်မယ့် အစီအစဉ်အတွက်လည်း သီးသန့်လက်မှတ်ရောင်း ချသွားမယ်လို့ ဆိုပါတယ်။
ဒီပွဲတွေကရလာတဲ့ ငွေတွေကို ကုန်ကျစရိတ်တွေ နှုတ်ပြီး တော်လှန်ရေးအတွက် ရာနှုန်းပြည့် ကူညီသွားမှာဖြစ်ပြီး Movie Date ကနေရလာတဲ့ ငွေတွေကိုတော့ ဒေါင်းရဲ့ စာကြည့်တိုက် ၊ ပညာရေးရန်ပုံငွေ နဲ့ ထူးချွန်ကျောင်းသားတွေအတွက် တက္ကသိုလ်ပညာရေးအထိ ပံ့ပိုးပေးဖို့ ရည်ရွယ်ထားတယ်လို့ Daung’s Australia Tour 2025 အသိပေးထားပါတယ်။
ဒေါင်းက တစ်ကိုယ်တော်အခွေအနေနဲ့ သီချင်း ၁၂ ပုဒ်ပါဝင်တဲ့ Smoky Hz ကို ဒီနှစ် မတ်လမှာထွက်ရှိထားတာဖြစ်ပြီး ဒီဖျော်ဖြေပွဲတွေက ဒေါင်းရဲ့ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲဖြစ်မှာပါ။
ဒါ့အပြင် ဒေါင်းက ကျားပေါက်ရေးပေးထားတဲ့ Emptiness သီချင်းကိုလည်း Single အနေနဲ့ ဖြန့်ချိခဲ့ဖူးပြီး လင်းလင်း ၊ ချစ်သုဝေ ၊ Daniel Saw တို့နဲ့အတူ Rhythm ဖျော်ဖြေပွဲမှာလည်းပါဝင်ဖျော်ဖြေခဲ့ဖူးပါတယ်။
ဒေါင်းကို ရုပ်ရှင်အနုပညာရှင်တစ်ဦးအနေနဲ့သာ လူသိများပေမယ့် အနုပညာလောကကိုစတင်ဝင်ရောက်ချိန်ကတော့ ဂီတလောက ကနေ စတင်ခဲ့တာလို့အင်တာဗျူးတွေမှာ ဖြေကြားဖူးပါတယ်။
