သြဂုတ်-၂၂၊ ၂၀၂၅။တာရာ /People’s Spring
မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်(၂၂) ကာကွယ် ရေးပစ္စည်းစက်ရုံ(ကပစ- ၂၂) ဆီ သွယ်တန်းထားတဲ့ ဓာတ်အားလိုင်းကို ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့နဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကဆိပ်ဖြူမြို့နယ်မှာပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအရ ကပစ -၂၂ ရဲ့ဓာတ်အားလိုင်းဖြတ်တောက်ခဲ့လို့ ပြတ်တောက်သွားပြီလို့လည်း ဆိုပါတယ်။
“လုပ်ခဲ့တာလွန်ခဲ့တဲ့ သုံး၊လေးရက်ကပါ။စစ်တပ်ရဲ့အဓိကကြတဲ့ လက်နက်ထုတ်တဲ့နေရာကို ဖြတ်တောက်ကျတာပေါ့”လို့ ဆိပ်ဖြူအခြေစိုက် ရဲဘော်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က ဖြတ်တောက်လိုက်တဲ့ ဓာတ်အားလိုင်းနေရာတွေကို စစ်ကောင်စီက လက်တလောမှာ လာရောက် ပြင်ဆင်တာမတွေ့ရသေးဘူးလို့ သူက အသိပေးပါတယ်။
“အဲဒီက မိန်းလိုင်း(ဓာတ်အားလိုင်း)ကို ဖြတ်လိုက်တာ။မီးတော့ ပြတ်နေပြီကြားတယ်။ဒါပေမယ့် နောက်ဆက်တွဲတော့ အသေးစိတ်မသိရသေးဘူး”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ကပစ−၂၂ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ပြောပါတယ်။
ကပစ−၂၂ဟာ ဆိပ်ဖြူ မြို့နယ် မြောက်ဘက်မှာရှိပြီး လက်ရှိစစ်ကောင်စီတပ် စစ်ကြောင်းထိုးဖြန့်ကျက်နေတဲ့ ပေါက်မြို့နယ် တောင်ဘက်ခြမ်း ပုသိမ်-မုံရွာ ကားလမ်းပိုင်း အရှေ့ဘက်ခြမ်းမှာရှိပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၀၊ ၂၁ )နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ)တို့ အခြေစိုက်ထားပါတယ်။
အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ−၂၂ )က လက်နက်တွေ ထုတ်နေတာလို့ သိရပါတယ်။
