ဩဂုတ်-၂၀၊၂၀၂၅။သတိုး/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက-၁၃)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar အဖွဲ့ တာဝန်ရှိသူက ပြောသည်။
“သပိတ်ကျင်းနဲ့မိုးကုတ်ကို ထိုးစစ်ဆင်ဖို့တပ်အထိုင်ထားတဲ့စခန်းလည်းဖြစ်တာမို့ သူတို့ကိုချေမှုန်းပေးခြင်းဖြင့် နယ်မြေခံတော်လှန်ရေးအင်အားစုတွေကို တဖက်တလမ်းက အားဖြည့်ပေးတဲ့မစ်ရှင်တခုပါပဲ” ဟု ၎င်းက ပြောသည်။
သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာအနီးရှိ တတက-၁၃ လေ့ကျင့်ရေးကျောင်းကို ဩဂုတ် ၂၀ ရက်နေ့လည် ၁၂နာရီတွင် BWM အဖွဲ့၏ဦးဆောင်မှုဖြင့် Shadow (အညာ)၊ No More Dictatorship (NMD-PDF) ၊ Infinity(အညာ) အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်း လက်နက်ကြီးတပ်ဖွဲ့နှင့် နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များက အားဖြည့်ကူညီခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement
တတက-၁၃ကို ၁၀၇ မမရှော့တိုက်ဒုန်း ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှော့တိုက်ဒုန်း ၉ လုံးအောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
တတက-၁၃သည် မန္တလေးတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့များကို တပ်စိတ် ၊ တပ်စု ၊တပ်ဖွဲ့များအား ဦးဆောင်တိုက်ပွဲဝင်ရန် သင်ကြားပေးနေသည့် နေရာဖြစ်ပြီး သပိတ်ကျဉ်းနှင့်မိုးကုတ်မြို့ကို တိုက်ခိုက်နေသော စစ်ကောင်စီတပ်ဖွဲ့၏ အထိုင်စခန်းလည်းဖြစ်သည်ဟု BWM က ဆိုသည်။
အဆိုပါစစ်ဆင်ရေးသည် BWMနှင့် မဟာမိတ်များ၏ ၄၃ ကြိမ်မြောက် စစ်ဆင်ရေးဖြစ်ပြီး BWM အနေဖြင့် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်သလို ပြည်သူများအနေဖြင့်လည်း တက်နိုင်သည့်ဘက်မှ ဆန့်ကျင်ရန် တိုက်တွန်းထားသည်။
မန္တလေးမြို့နှင့် မိုင်(၈၀)ခန့်အကွာက ရွှေလုပ်ကွက်တွေကြောင့် နာမည်ကြီးသည့် သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့သည့်၂၀၂၄ သြဂုတ် ၂၅ရက်တွင် အပြီးသတ်သိမ်းပိုက်ရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားသည်။
သပိတ်ကျင်းမြို့ကိုသာ တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ရခဲ့တာဖြစ်ပြီး မြို့နယ်တစ်ခုလုံးက စစ်ကောင်စီတပ်သားများ ကင်းစင်ခဲ့ခြင်း မဟုတ်ပေ။ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲက ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများသည် (၇)မိုင်ရွာက လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းနှင့် သပိတ်ကျင်းမြို့နှင့် (၂၆)ခန့်ကွာဝေးသည့် တွင်းငယ်ကျေးရွာက အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)တို့၌ သွားရောက်စုဝေးသလို ၊စစ်တပ်က စစ်ကူပို့သည့် စစ်သားများဖြင့် ပေါင်းပြီး ခံစစ်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီတပ်သည် (၇)မိုင်ကတဆင့် ထိုးစစ်ဆင်လာရာ ပြီးခဲ့သည့် ဇူလိုင် ၂၃ရက်က သပိတ်ကျင်းမြို့ကို ပြန်လည်ရရှိခဲ့သည်။
