အောက်တိုဘာ-၁၄၊၂၀၂၅။လူအေး/People’s Spring
နတ်ရေကန်ဗျူဟာ ခုခံစစ်ကို ဦးဆောင်နေတဲ့ အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇)ကအရာရှိပိုင်းတွေဟာ အောက်တိုဘာလ ၉ရက်နေ့ကတည်းက ဆုတ်ခွာသွားပြီး ဗျူဟာထဲမှာကျန်နေခဲ့ရတဲ့စစ်သားတွေကဆက်လက်ခုခံတိုက်ခိုက်သူတွေရှိသလို ၊သင်တန်းဆင်းစစ်သားသစ်တွေလက်နက်တွေထားပြီး AAနဲ့ မဟာမိတ်တပ်တွေထံ ဆက်တိုက်အလင်းဝင်လာတယ်လို့ စစ်ရေးအရင်းအမြစ်အချို့ကပြောတယ်။
“ အရာရှိပိုင်းတွေကအောက်တိုဘာ၉ရက်နေ့ကတည်းကဆုတ်သွားတာ။အခုကပဇီရွာဘက်မှာ အခြေပြုနေတယ်။အဲ့ဒီကနေစစ်ကြောင်းပြန်ထိုးကြိုးစားနေတယ်။ဗျူဟာထဲမှာကျန်နေခဲ့တဲ့ ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေကတော့ခံတိုက်နေတဲ့သူတွေရှိသလို လက်နက်တွေထားပြီးထွက်ပြေးတာတွေရော အလင်းဝင်လာတာတွေရော ရှိတယ်” လို့ People’s Spring ရဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
အမ်း-ပဒါန်းလမ်းပိုင်းအနီးကအကြီးဆုံး စစ်စခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒေသတွင်း စစ်ဆင်ရေးနဲ့ ခုခံစစ်တွေကို တပ်မ(၉၉)က တာဝန်ယူခဲ့တာပါ။ ကာကင်းစခန်းကြီးဖြစ်တဲ့ MPT တာဝါတိုင်ကုန်းကို AAက မတ်လမှာ သိမ်းယူခဲ့ပါတယ်။

Public Service Announcement
စစ်တပ်က စစ်ကြောင်းလိုက် ထိခိုက်သေဆုံးတာတွေ၊ တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်အပါအဝင် အရာရှိတွေAAရဲ့ဖမ်းဆီးခံရတာတွေနဲ့ ထွက်ပြေးတဲ့သူတွေများခဲ့ပါတယ် ။ ဒါကြောင့်တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို စစ်ကောင်စီက မေလထဲမှာ ပြန်ဖမ်းခဲ့ပါတယ် ။ သေဆုံးဒဏ်ရာရသူ ၊အဖမ်းခံရသူ ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူ ၊ထွက်ပြေးသူ များပြီး အထိနာခဲ့တဲ့ တပ်မ (၉၉) ကို နောက်တန်းပြန်ပို့ခဲ့ပါတယ်။တပ်မ (၉၉)နေရာမှာ ရှမ်းပြည်နယ် တောင်ပိုင်းအခြေစိုက်စကခ-၁၇ လက်အောက်ခံတပ်ရင်းတွေကို စက်တင်ဘာလမှာပို့ဆောင်ခဲ့ပါတယ်။
စစ်ကောင်စီကနတ်ရေကန်ဗျူဟာ၊အမ်း-ပဒါန်းလမ်းအပါအဝင် ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းက စစ်ရေးနယ်မြေတွေမှာ တပ်မ (၉၉) လက်အောက်ခံတပ်ရင်းတွေအစား စကခ-၁၇ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တို့ကို ပို့ဆောင်ထားတာပါ။
အဲဒီတပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါလာပြီး AA နဲ့ မဟာမိတ်တပ်တွေသိမ်းပိုက်ထားတဲ့ စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားခဲ့ပါတယ်။ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေ အင်အားကိုသုံးပြီး ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလဆန်းကတိုက်ပွဲတွေမှာလည်း စစ်ကောင်စီဖက်မှာ ထိခိုက်သေဆုံးမှုများပြီး ဆုတ်ခွာထွက်ပြေးသွားလို့ လိုက်လံတိုက်ခိုက်နေတယ်လို့ AAက ထုတ်ပြန်ခဲ့ပါတယ်။
နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်က အဓိကစခန်းနှစ်ခုဖြစ်တဲ့ ဂုတ်ကြီးစခန်းနဲ့ ဖိုက်တာကုန်းကို စက်တင်ဘာလကုန်ပိုင်းနဲ့ အောက်တိုဘာလဆန်းပိုင်းမှာ AAနဲ့ ပူးပေါင်းတပ်တွေကထပ်မံသိမ်းယူပြီးတဲ့နောက်ပိုင်း ဗျူဟာထဲက စစ်ကောင်စီအရာရှိတွေက ရဟတ်ယာဉ်တွေနဲ့ ဆုတ်ခွာသွားတာလို့ စစ်ရေးသတင်း ရင်းမြစ်ဆီကနေသိရပါတယ်။
ပစီရွာဟာ ငဖဲမြို့နယ်ထဲမှာရှိပြီး အဲဒီနေရာကနေ စစ်ကြောင်းပြန်ထိုးဖို့ကြိုးစားနေတယ်လို့ မြေပြင်မှာရှိနေတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ နတ်ရေကန်ဗျူဟာကို AAနဲ့ ပူးပေါင်းတပ်တွေက အနီးကပ်ဝိုင်းပိတ်ထားပြီး အပြီးသတ်သိမ်းပိုက်နိုင်ဖို့တိုက်ပွဲတွေပြင်းထန်နေဆဲလို့ သိရပါတယ်။
လက်ရှိတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုများပြားခဲ့ပြီး AA နဲ့ မဟာမိတ်တပ်ဘက်မှာလည်းအထိအခိုက်ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ၂ရက်နေ့ကတိုက်ပွဲတွေမှာ ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က အောက်တိုဘာလ ၈နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် AA နဲ့ပူးပေါင်းတိုက်ခိုက်နေတဲ့ မဟာမိတ်တပ်ဖွဲ့အချို့က ရဲဘော်အချို့လည်း ကျဆုံးခဲ့တာရှိပါတယ်။
နတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဆိုရင် စစ်တပ်အနေနဲ့ အမ်းမြို့ကို ဦးတည်လို့မရတော့သလို ကာကွယ်ရေးပစ္စည်းစက်ရုံတွေရှိတဲ့ မကွေးတိုင်းအနောက်ခြမ်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပိုမိုထိန်းချုပ် ၊ဖိအားပေးလာနိုင်မှာဖြစ်တယ်လို့စစ်ရေးလေ့လာသူတွေကပြောပါတယ်။




















































