အောက်တိုဘာ-၂၂၊၂၀၂၅။ဇော်ရမ်း/ People’s Spring
ဖားကန့်မြို့နယ်၊ယူမာရွာအနီးမှာ တိုက်ပွဲမှာ ထိခိုက်သေဆုံးမှုတွေများခဲ့တဲ့စစ်တပ်က ဒီနေ့ညပိုင်းမှာကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ရင်း(၆)ကို လေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။
“ ယူမာရွာနား၊ ဆိုင်းတောင်ရွာအထွက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပြီးသူတို့(စစ်တပ်စစ်
ကြောင်း) တော်တော်အထိနာတယ်။ ဒါကြောင့် ရင်း(၆)ကို ရမ်းပစ်နေတာ” လို့ KIA နဲ့ နီးစပ်သူတစ်ယောက်ကပြောပါတယ်။
ဖားကန့်တပ်မကုန်းကနေ ထွက်လာတဲ့ အင်အား၂၀ ကျော်ပါစစ်ကြောင်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
စစ်တပ်က KIA တပ်ရင်း(၆)ကိုအောက်တိုဘာလ၂၁ ရက်မနက်ပိုင်းမှာလည်းလေကြောင်းကနေဗုံးကြဲခဲ့ပါသေးတယ်။ အဲဒီတိုက်ခိုက်မှုမှာ ထိခိုက်သူမရှိခဲ့ပါဘူး။
ဒီကနေ့ညပိုင်းမှာတော့ ၈နာရီခွဲခန့်မှာတစ်စီး၊ ၉နာရီကျော်မှာတစ်စီး ဗုံးလာY12 နှစ်စီးနဲ့ကြဲနေတယ်လို့ သတင်းရရှိပါတယ်။ဗုံးအလုံးလေးဆယ်ကျော် ချသွားပြီး ကနဦးသတင်း တွေအရ ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။
နေ့လည်ပိုင်းကဖြစ်တဲ့တိုက်ပွဲမှာတော့ စစ်တပ်ဘက်ကဆယ်ဦးကျော်သေဆုံးပြီး ဒဏ်ရာရသူတွေကို စစ်ကူတွေကလာရောက် ခေါ်ဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။ဒါအပြင် ဒီကနေ့ညမှာ ဖားကန့်ရဲ့နေရာ ၅နေရာထက်မနည်းမှာ သေနတ်ပစ်ခတ်သံတွေ ကြားနေရနေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ဒီနေ့ညဦးပိုင်းမှာလည်း မှော်စီဆာရွာကျောက်ဝိုင်းနဲ့ လုံးခင်းကျောက်ဝိုင်းအနီးမှာ သေနတ်ပစ်ခတ်သံတွေကြားလို့ ကျောက်ရောင်းဝယ်သူတွေနဲ့ ဒေသခံတွေဝရုန်းသုန်းကားထွက်ပြေးခဲ့ကြရပါတယ်။
















































