အောက်တိုဘာ-၂၄၊၂၀၂၅။အိမ်သွင်/People’s Spring
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ GPS(တည်နေရာပြစနစ်)တပ်ဆင်ထားတဲ့ ငှက်တစ်ကောင်ကို ဒေသခံတွေက ဖမ်းမိခဲ့ပြီး အာရက္ခတပ်တော်(AA) တာဝန်ရှိသူတွေထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးမြို့နယ်၊ ဘောင်းဒွတ်ကျေးရွာအနီးမှာ အောက်တိုဘာ ပထမအပတ်အတွင်းက ဖမ်းမိခဲ့တာလို့ မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။
” ငှက်ကို ကလေးတွေက ဖမ်းမိလာတာ။ GPSပါတဲ့ စက်ကလေး ကျောကုန်းကနေလွယ်ပြီးတပ်ထားတာ။ တပ်တော်(AA)ကို အပ်လိုက်တယ်လို့ပြောကြတယ်” လို့ မြောက်ဦးဒေသခံက ပြောပါတယ်။

Public Service Announcement
ဘယ်လိုငှက်အမျိုးအစားဆိုတာနဲ့ ခန္ဓာကိုယ်မှာတပ်ထားတဲ့ စက်ကိရိယာက ဘယ်လိုအသုံးပြုတယ်ဆိုတာကို မသိရှိရသေးပါဘူး။
” ငှက်ရဲ့ခန္ဓာကိုယ်မှာ စကားပြောစက်၊ အသံဖမ်းစက်ကဲ့သို့ စက်ကိရိယာတွေ တပ်ဆင်ထားတာ တွေ့ရတယ်” လို့ ရခိုင်ဒေသတွင်းသတင်းထောက်တစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ ငှက်ချစ်သူတွေက ငှက်တွေရဲ့ ဘဝဇာတ်ကြောင်းနဲ့ လှုပ်ရှားသွားလာမှုကို သိနိုင်ဖို့ ငှက်တွေရဲ့ခန္ဓာကိုယ်မှာ GPSတွေ တပ်ဆင်ပြီးလေ့လာလေ့ ရှိပါတယ်။
ငှက်တွေရဲ့ ရွှေ့ပြောင်းသွားလာပုံ၊ကျက်စားရာနေရာတွေ၊ သက်တမ်းနဲ့ အမူအကျင့်၊နယ်မြေအလိုက်ကျက်စားမှု၊ အစာရှာဖွေမှုပုံစံတွေကို လေ့လာကြတာပါ။ ခြေရာခံနိုင်တဲ့အခါ ရရှိလာတဲ့ အချက်အလက်တွေကနေ မျိုးသုဉ်းဖို့အန္တရာယ်ရှိတဲ့ မျိုးစိတ်တွေကို ဘယ်လိုကာကွယ်ရမယ်၊ သူတို့ရဲ့ ကျက်စားရာနေရာတွေကို ဘယ်လို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းရမယ်ဆိုတဲ့ အစီအမံတွေ ချမှတ်နိုင်တယ်လို့ ငှက်လေ့လာသူတစ်ဦးက ပြောပါတယ်။
GPS နဲ့ စက်ကိရိယာတပ်ဆင်တဲ့အခါ ငှက်ရဲ့ခြေထောက်မှာ တစ်ကောင်ချင်းစီအတွက် သီးသန့်နံပါတ်ပါတဲ့ သတ္တုကွင်း (သို့) ပလတ်စတစ်ကွင်းတပ်ဆင်သလိုငှက်ရဲ့ နောက်ကျောမှာ ကျောပိုးအိတ်လေးလိုမျိုး ချည်နှောင်တပ်ဆင်ပေးတာပါ။ဒါတွေက ငှက်ရဲ့ တိကျတဲ့ လမ်းကြောင်း၊ အရှိန်နှုန်း၊ အမြင့်ပေ စတဲ့ အချက်အလက်တွေကို ဂြိုဟ်တု ဒါမှမဟုတ် စက်လက်ခံတဲ့နေရာကို ပေးပို့ပေးတယ်လို့ သိရပါတယ်။
ဒီစက်ပစ္စည်းတွေဟာ ငှက်ရဲ့ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၄ရာခိုင်နှုန်းထက် မပိုအောင် ပြုလုပ်ထားပြီး ငှက်ရဲ့ ပျံသန်းမှုနဲ့ နေထိုင်မှုအပေါ် သက်ရောက်မှု အနည်းဆုံးဖြစ်အောင် ဒီဇိုင်းထုတ်ထားတာလို့ ငှက်ချစ်သူတဦးက ရှင်းပြပါတယ်။
မြောက်ဦးမြို့ဟာ AAထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီက လေယာဉ်နဲ့ကင်းထောက်တာ၊ ဒရုန်းအသုံးပြုကင်းထောက်နေတာတွေရှိလို့ အခုတွေ့တဲ့ငှက်ကိုလည်း ကင်းထောက်ငှက်ဖြစ်မှာကို ဒေသခံတွေကစိုးရိမ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက် ညက မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်က အလှူအိမ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ကလေးငယ်တွေ အပါအဝင် ၁၅သေဆုံးပြီး ၁၈ဦးဒဏ်ရာရခဲ့ပါတယ်။
















































