နိုဝင်ဘာ-၄၊ ၂၀၂၅။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ဘယ်အချိန်ပြုတ်ကျမလဲဆိုတာ ခန့်မှန်းရခက်ပေမယ့် စစ်အာဏာရှင်ပြုတ် ကျအောင် ညီညွတ်စွာတိုက်မှရမယ်လို့ တအာင်းတပ်မတော်(TNLA) ခေါင်းဆောင်တဦး ဖြစ်တဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။
နိုဝင်ဘာ ၃ရက်ကထုတ်ပြန်တဲ့ TNLA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာလထုတ် စာစောင်မှာ ဗိုလ်ချုပ်တားဘုန်းကျော် ပြောကြားတဲ့ မိန့်ခွန်းကို ဖော်ပြခဲ့တာပါ။
Ta’ang Law Acadamyကျောင်းဆင်းပွဲ တက်ရောက်ခဲ့တဲ့ ဗိုလ်ချုပ်တားဘုန်းကျော်ရဲ့ မိန့်ခွန်းကိုမြန်မာဘာသာနဲ့ဖော်ပြခဲ့တာပါ။ ကျောင်းဆင်းပွဲလုပ်ခဲ့တဲ့ အချိန်ကာလကိုတော့ဖော်ပြမထားပါဘူး။

Public Service Announcement
TNLAနဲ့ စစ်ကောင်စီတို့ တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အောက်တိုဘာလကုန်ပိုင်းမှာ အပစ်ရပ်စဲခဲ့ပေမယ့် TNLA ခေါင်းဆောင် ဗိုလ်ချုပ်တားဘုန်းကျော်က မင်းအောင်လှိုင် နဲ့ စစ်အာဏာရှင်တွေ ပြုတ်ကျရေး လက်နက်ကိုင်တိုက်ပြီးဖြိုချမှသာရမယ်လို့ ပြောကြားချက်ကို အခုလို ဖော်ပြခဲ့တာပါ။
“ မင်းအောင်လှိုင် စစ်အာဏာရှင်တို့ဘယ်အချိန်ပြုတ်မလဲ ကျနော်တို့ ခန့်မှန်းရခက်တယ်။အားလုံးက ကျနော်တို့သည် နွေဦးတော်လှန်ရေးက အဲလောက်ညီညွတ်ပြီးမှ တိုင်းရင်းသားလက်နက်ကိုင်တွေအကုန်လုံး ဘယ်လောက်ထိ ညီညွတ်ပြီး မင်းအောင်လှိုင်ကို ဘယ်လိုတိုက်မလဲဆိုတော့ နည်းနည်းခန့်မှန်းရခက်တယ်။ ဒီနှစ်အတွင်း ၂၀၂၅
အတွင်း မဖြစ်နိုင်ဘူးလို့လည်းမပြောနိုင်ဘူး။ဖြစ်နိုင်တယ်လို့လည်း အာမခံလို့မရဘူး” လို့ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ မြို့တွေသိမ်းပိုက်နိုင်ခဲ့တာကိုလည်း ဗိုလ်ချုပ်တားဘုန်းကျော်က ရှင်းပြပါတယ်။ အရင်ကဆိုရင် စစ်တပ်ကို တိုက်ခိုက်တာဟာ အာဏာရှင်တံတိုင်းကို ခေါင်းနဲ့တိုက်တာဖြစ်လို့ တိုက်တဲ့သူခေါင်းသာ ကွဲမယ်ဆိုတဲ့ ပြောဆိုမှုတွေရှိခဲ့ကြောင်း၊ ဒါပေမဲ့ စစ်ကောင်စီဟာ တကယ်တိုက်ရင်ရတဲ့ အခြေအနေရှိခဲ့ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်ရဲ့ မိန့်ခွန်းမှာ ပါရှိပါတယ်။
“ မင်းအောင်လှိုင်ပြုတ်ကျဖို့ မြန်မာနိုင်ငံကို တည်ဆောက်ဖို့ ရိုးရိုးဆန္ဒပြရုံနဲ့တော့ လန့်သွားမယ်မထင်နဲ့ ။ပြီးတော့ တွေ့ဆုံဆွေးနွေး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ် ညီလာခံတွေလုပ်ခဲ့တယ်။ ခုတော့ အားလုံးရှင်းကုန်ပြီ။ ဒီကောင်ကို လက်နက်ကိုင်တိုက်ပြီး ဖြိုချရုံပဲရှိတော့တယ်” လို့ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။
စစ်အာဏာရှင် ပြုတ်ချရေးအချိန်ဘယ်လောက်ကြာမယ်ဆိုတာ ပြောလို့မရပေမယ့် ဖြစ်နိုင်အောင် ကြိုးစားကြရမယ်လို့လည်း ပြောပါတယ်။
“ မဖြစ်နိုင်ဘူးလားမေးရင်တော့ ကျနော်တို့ဖြစ်နိုင်အောင် ကြိုးစားမယ်။ ကျနော်တို့ အားထည့်မယ်။ တဖွဲ့တည်းဖြစ်အောင်လုပ်လို့မရဘူး” လို့ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့ပါတယ်။
TNLAအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ နွေဦးတော်လှန်ရေးက ပေါ်ပေါက်လာတဲ့ PDF တွေနဲ့ ချိတ်ဆက် အလုပ်လုပ်ခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUGနဲ့လည်း ချိတ်ဆက်ပြီး အလုပ်လုပ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် တချိန်မှာ တနိုင်ငံလုံးက မင်းအောင်လှိုင် ကို တိုက်ဖျက်ပြီးတော့ ဖက်ဒရယ်ပုံစံ နိုင်ငံတခုခု လုပ်တဲ့အချိန်ရောက်ပြီဆိုရင် အဆင်သင့်ပေါင်းစပ်နိုင်ဖို့ တအာင်းအင်အားစုတွေဘက်က ပြင်ဆင်မှု ပြုလုပ်နေတဲ့ အကြောင်းတွေကိုလည်း ပြောပါတယ်။
TNLAနဲ့စစ်ကောင်စီတို့ဟာ ၂၀၂၅ အောက်တိုဘာ ၂၇၊ ၂၈ရက်မှာ တရုတ်အစိုးရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမှာတွေ့ဆုံပြီး အပစ်ရပ်စဲခဲ့ပါတယ်။ အပစ်ရပ်သဘောတူညီချက်မှာ TNLAက သိမ်းပိုက်ထားတဲ့ မိုးကုတ်၊ မိုးမိတ်က တပ်တွေ ပြန်လည်ဆုတ်ခွာပေးရမယ်လို့ သဘောတူညီခဲ့ရသလို စစ်ကောင်စီက TNLA ထိန်းချုပ်ဒေသတွေကို လေကြောင်းတိုက်ခိုက်တာ မြေပြင်ထိုးစစ်ဆင်တာတွေ မလုပ်ဘူးဆိုလို့ သဘောတူညီခဲ့တာပါ။
ဒီလို စစ်ကောင်စီနဲ့ အပစ်ရပ်စဲရတာဟာ လူထုရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ထိခိုက်နစ်နာမှုလျော့နည်းစေဖို့ ခက်ခဲစွာ ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း TNLA က အသိပေးထားပြီး အပစ်ရပ်ကာလအတွင်း တည်ငြိမ်ရေးနဲ့ လွတ်လပ်စွာ ခရီးသွားလာရေး ဦးစားပေး ဆောင်ရွက်မှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ခရီးသွား ပြည်သူတွေနဲ့ စစ်ရှောင်တွေ မိမိနေရပ်မြို့ရွာကို လွတ်လပ်စွာ ခရီးသွားလာနိုင်ပြီလို့ အသိပေးထားပါတယ်။

















































