နိုဝင်ဘာ-၄၊၂၀၂၅။မိထက်၊ရောင်နီ/People’s Spring
နေပြည်တော်မှာတန်ဆောင်မုန်းလပြည့်နေ့ည ပံ့သကူကောက်နေတဲ့ ကိုရင်တစ်ပါးနဲ့အမျိုးသားတစ်ဦး ဆိုင်ကယ်တိုက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

နေပြည်တော်၊ပျဥ်းမနားမြို့၊လက်ပန်ခါးလှကျေးရွာကလမ်းပေါ်မှာဒီနေ့ည ၈နာရီခန့်ကဖြစ်ခဲ့တာပါ။ ကားပေါ်ကနေ ပိုက်ဆံကြဲသွားလို့ လိုက်ကောက်ကြသူတွေကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်မိတာလို့ သိရပါတယ်။
အတိုက်ခံရတဲ့ ကိုရင်တစ်ပါးနဲ့အမျိုးသားကိုပျဥ်းမနားမြို့ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးလိုက်တယ်လို့ မိုးစေတနာပရဟိတအသင်းက အသိပေးထားပါတယ်။

Public Service Announcement
“ ဒဏ်ရာပြင်းထန်တယ်ဗျ။ အပျော်ကနေ အပျက်ဖြစ်တာ” လို့ဒေသခံတစ်ယောက်ကပြောပါတယ်။
ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ ကိုရင်လေးက နဖူးမှာ ပေါက်ပြဲဒဏ်ရာရရှိထားပြီး အတိိုက်ခံရတဲ့ အမျိုးသားကိုတော့ လူနာကုတင်ပေါ်တင်ပြီး ခေါ်ဆောင်သွားတာတွေ့ရပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့မှာ မြို့နယ်တိုင်းရဲ့ လမ်းမတွေပေါ်မှာကားတွေပေါ်ကနေ ပိုက်ဆံကြဲချတာကို ကောက်တဲ့ ပံ့သကူကောက်တဲ့သူတွေရှိပြီး အန္တရာယ်များတယ်လို့ သတိပေးသူတွေရှိပေမယ့် ဆက်လက်လုပ်ဆောင်နေကြတာပါ။
ပံ့သကူပစ်တာနဲ့ ကောက်တာအပြင် အခုလို အခါကြီးရက်ကြီးညမှာ ဆင်ဆင်ခြင်ခြင် ပျော်ပါးကြဖို့လည်းလူမှုရေးအဖွဲ့တွေကတိုက်တွန်းထားပါတယ်။
နေပြည်တော်အပြင် ရန်ကုန်၊ မန္တလေးနဲ့ မြိုကြီးတွေက အဝေးပြေးလမ်းတွေနဲ့ မြို့တွင်းလမ်းတွေပေါ်မှာ တန်ဆောင်မုန်းလပြည့်နေ့ညဆိုပြီး ကားတွေပေါ်ကနေ ပိုက်ဆံပစ်ချကြလို့ လိုက်ကောက်ကြတဲ့သူတချို့ ထိခိုက်သေဆုံးမှုတွေနှစ်စဉ်ရှိနေပါတယ်။ ပံ့သကူပစ်တယ်ဆိုပြီးပိုက်ဆံတွေကို စည်းကမ်းမဲ့ မကြဲကြဖို့ လူမှုကူညီရေးအဖွဲ့တွေက မေတ္တာရပ်ခံထားကြပါတယ်။

















































