■စစ်ကူစစ်ကြောင်းကိုတိုက်ခိုက် ကား ၅စီးဖျက်ဆီးနိုင်ခဲ့ပြီးစစ်တပ်ထိခိုက်ကျဆုံးများ
■လေယာဉ်ဗုံးနဲ့လက်နက်ကြီးထုတ်ရာ ပကစ စက်ရုံး ၃ခုကို ဓာတ်အားပေးတဲ့ ဓာတိုင်ပေါင်း ၁၀၀ကျော် မိုင်းခွဲတိုက်ခိုက်
ဒီဇင်ဘာ ၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန ဦးစီးကွပ်ကဲမှုနဲ့ မကွေးတိုင်း မြို့နယ် ၆ခုက စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စလင်းမြို့နယ်ကစလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ဝန်းရံပိတ်ဆို့ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement
PDF တပ်မတော်က ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံလျက် အကြမ်းဖက်စစ်ကော်မရှင်အား ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိရာ စစ်တပ်ရွေးကောက်ပွဲ ပထမအကျော့ ကျင်းပမယ့် စလင်းမြု့နယ်နဲ့ ပွင့်ဖြူမြု့နယ် အပါအဝင် မြို့နယ်ပေါင်း ၆ခုက စစ်ကောင်စီတပ်စခန်းတွေကို ဒီဇင်ဘာလ (၂၃) ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ၂၈ရက်နေ့အထိ ၆ရက်တာ စစ်ရေး အခြေအနေကို အသိပေးခဲ့တာဖြစ်ပါတယ်။
စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးတွေအနက် ဒီဇင်ဘာလ (၂၅) ရက် ည (၇) နာရီခန့်မှာ စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ ဦးတည်ထွက်ခွါတဲ့ အင်အား (၁၇၀) ခန့်ပါ ရန်သူ့စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအ သိပေးပြီး တိုက်ခိုက်မှုအတွင်း စစ်ကြောင်းမှာ ပါလာတဲ့ လက်နက်ခဲယမ်း နဲ့ ဒရုန်းတွေတင်လာတဲ့ မော်တော်ယာဉ် ၅စီးစလုံးနေရာတွင် ပေါက်ကွဲပျက်စီးခဲ့ကြောင်း မှတ်တမ်းပုံတွေ ဖော်ပြ ခဲ့ပါတယ်။
စစ်တပ်ဘက်က အထိအခိုက်အကျအဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးသွားကြောင်းလည်း ထုတ်ပြန်ပါတယ်။
ထိုးစစ်ပြုလုပ်ရာ မြို့နယ် ၆ခုအတွင်းရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး နဲ့ စစ်ရေးကဏ္ဍဆိုင်ရာ အခြေခံအဆောက်အဦးတွေကို မီးရှို့ဖျက်စီးနိုင်ခဲ့ကြောင်း အသိပေးထားပြီး အသေးစိတ်ကို ဖော်ပြမထားပါဘူး။
ဒါ့အပြင် ပြည်သူလူထုကို ဦးတည်လျက် လေကြောင်း တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဉ်ဗုံးတွေ ထုတ်လုပ်ရာ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ (၂၁)၊ ကပစ (၂၂)နဲ့ လက်နက်ကြီး ကျည်ဆံများထုတ်လုပ်ရာ ပေါက်မြို့နယ်အတွင်းရှိ ကပစ (၂၄) တို့ကို သွယ်တန်းထားသော လျှပ်စစ်မဟာဓါတ်အားလိုင်းမှ ဓါတ်တိုင်ပေါင်း (၁၀၀) ကျော်ကို တပြိုင်နက်တည်း မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း အသိပေးပါတယ်။
စလင်း၊ ဆင်ဖြူကျွန်း ထိုးစစ်ကို စစ်ကောင်စီကလည်း လေကြောင်း ပစ်ကူ အများအပြားနဲ့ ခုခံလျက်ရှိပြီး စစ်ဆင်အားတွေဖြည့်တင်းတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် စလင်းမြို့နယ်နဲ့ ဆက်စပ်ဒေသတွေမှာ စစ်ကြောင်းတွေလှုပ်ရှားလျက်ရှိပြီး ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတာတွေလည်းရှိနေပါတယ်။


























































