ဒီဇင်ဘာ-၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် နိုင်ရေး ရည်မှန်းချက်ပန်းတိုင်ကို ပြည်ထောင်စုရဲ့ မိသားစုတွေအားလုံး စုစည်းပြီး လက်တွဲညီညီ လျှောက်လှမ်းနိုင်ဖို့ လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO) ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် တို့က ပြောကြားခဲ့ပြီး ဒီလို စုစည်းရာမှာ အထက်အောက်အတွေးအခေါ် ရိုက်သွင်းတာတွေကို နားမထောင်ဖို့ သတိပေးလိုက်ပါတယ်။

မနေ့က ဒီဇင်ဘာ ၃၀ရက်မှာကျင်းပတဲ့ ချင်းညီနောင် (၂)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ CRPH ဥက္ကဋ္ဌနဲ့ KIO/KIA ခေါင်းဆောင် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်တို့ တက်ရောက် မိန့်ခွန်းပြောကြားရာမှာ အခုလို တူညီစွာ ပြောကြားခဲ့တာပါ။
စစ်အာဏာရှင်ရဲ့အောက်မှာ နေ့စဉ်နဲ့ဒုက္ခတွေ ရင်ဆိုင်နေရတာ အားလုံးအသိဖြစ်ပြီး ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတာတွေ၊ ပေးဆပ်ခဲ့ကြရတဲ့ ရဲဘော်ရဲဘက်တွေရဲ့ တန်ဖိုး၊ ပြည်သူတွေ မျှော်လင့်တဲ့ ဒီဒုက္ခကြီးကနေ လွတ်မြောက်အောင် ဆောင်ရွက်ရာမှာ စည်းလုံးညီညွတ်ဖို့ အပြန်အလှန် ညှိနှုင်းဖို့ လိုအပ်ကြောင်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်ရေး၊နိုင်ငံရေးအရလည်းများစွာ ဆက်ပြီး ကြိုးစားရအုံးမယ်လို့လည်း အသိပေးပါတယ်။
“ဒီနေရာမှာ ဘယ်သူက ကြီးတယ်၊ ဘယ်သူက ငယ်တယ်၊ ဘယ်သူ့ဆီကို လာပြီးတော့၊ ဘယ်သူက လာလို့ ဆိုတဲ့ ပုံစံမျိုးအစား ကျနော်တို့တွေ အားလုံးဟာ စောစောက သဘာပတိကြီး ပြောသလိုပဲ ညီရင်းအစ်ကို မိသားစုတစ်စုဖြစ်ပြီးတော့ ချင်းပြည်တစ်ခုရဲ့ မိသားစုတွေဟာ အခြားအခြားသော ပြည်ထောင်စုရဲ့ မိသားစုတွေနဲ့အတူတူပဲ လက်တွဲညီညီနဲ့ ပုခုံးချင်းဖက်ပြီးတော့ ကျနော်တို့ မျှော်လင့်တဲ့ပန်းတိုင်ကို ရောက်အောင် ဆက်လက်ပြီးတော့ သွားကြရအောင်” လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
ဒုဗိုလ်ချုပ်ကြီးဂွန်မော်ကလည်း “စုစည်းတယ်လို ပြောတဲ့အခါမှာ ကျနော်တို CRPH ဥက္ကဋ္ဌကြီး ခုဏ မိန့်ခွန်း ပြောသွားသလိုပဲ ဘယ်သူက အထက်လည်း ဘယ်သူက အောက်လည်း ဆိုတဲ့ အတွေးအခေါ်တွေဟာ ကျနော်တိုကို ခဏခဏ အနှောက်အယှက်ပေးပါတယ်။ ဒီလိုဟာမျိုးကို တမင်တကာ ကျနော်တို အဖွဲကြားထဲကိုခေါင်းထဲကို ရိုက်သွင်းတဲ့ ဟာတွေကို ကျနော်တို နားထောင်လိုမရပါဘူး။ အဲဒီတော့ စုစည်းရမယ် တာဝန်ကိုယ်စီရှိတယ်ဆိုတဲ့ဟာကိုလည်း သတိချပ်ဖိုလိုပါတယ်”လို့ CRPH ဥက္ကဋ္ဌ မိန့်ခွန်းပါ အကြောင်းအရာကို မီးမောင်းထိုးပြ သတိပေးပါတယ်။
တော်လှန်ရေးအဆုံးမှာ အမှန်တကယ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက် အတိအကျ ရှိပြီးသားဖြစ်လို့ အဲဒါကို မမှိတ်မသုန် သွားဖို့ လိုအပ်ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။
ဖက်ဒရယ်နိုင်ငံတစ်ခုကို တည်ဆောက်တဲ့အခါမှာ သက်ဆိုင်ရာ တန်းတူညီမျှတဲ့၊ တစ်လျှောက်လုံး မျှော်လင့်ခဲ့ကြတဲ့ ဒီမိုကရေစီစံတန်ဖိုးတွေနဲ့ ပြည့်စုံတဲ့ ပြည်ထောင်စုတစ်ခု ဖြစ်ဖို့ဆိုရင် ပြည်နယ်အသီးသီးရဲ့တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ဆောင်ရွက်ခွင့်တွေ ရှိရမယ့်အပြင် ပြည်ထောင်စုတစ်ဝှမ်းလုံးမှာလည်းပဲ တူညီတဲ့ စနစ်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ရာ အင်မတန် အရေးကြီးကြောင်း ဦးအောင်ကြည်ညွန့်က ပြောကြားပါတယ်။
” တော်လှန်ရေးကာလဖြစ်သလို စစ်ရေးအရ ဦးစားပေးဆောင်ရွက်တာရှိသလို တစ်ပြိုင်နက်တည်းမှာလည်း နိုင်ငံရေးအရ ချန်လှပ်ခဲ့လို့ မရပါဘူး။ ဒါ့ကြောင့် စစ်ရေး၊ နိုင်ငံရေး အချိုးညီညီ ကျနော်တို့ သွားကြရမှာ ဖြစ်ပါတယ်”လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
ပန်းတိုင်တူ၊ ရည်ရွယ်ချက်တူရင် လမ်းကြောင်းတူပြီး စုစည်းညီညွတ်စွာ သွားနိုင်မယ့် အနေအထား ရှိကြောင်းလည်း ပြောပါတယ်။
“အဲဒီနေရာမှာ လူတွေရဲ့သဘာဝအရ လူနှစ်ယောက်က မြင်ကွင်းတစ်ခုကို တစ်ပြိုင်နက်တည်း ကြည့်ပြီးတော့ တစ်ပြိုင်နက်တည်း မြင်ကြပေမယ့် မြင်ပုံမြင်နည်းနဲ့ သုံးသပ်ပုံ သုံးသပ်နည်းဟာ တစ်ယောက်နဲ့ တစ်ယောက် တူလေ့မရှိပါဘူး။ မတူနိုင်ပါဘူး။ ဆိုချင်တာက ရှုခင်းတစ်ခုကို ကြည့်လိုက်တဲ့အခါမှာ အလွမ်းခံရှိတဲ့ ပုဂ္ဂိုလ်က အလွမ်းစိတ်နဲ့ကြည့်မယ်၊ အပျော်ခံရှိတဲ့ ပုဂ္ဂိုလ်က အပျော်စိတ်နဲ့ကြည့်မယ်။ သို့ရာတွင် တစ်ခုစဉ်းစားလို့ရတာက ရည်ရွယ်ချက်နဲ့ ဦးတည်ချက် တူတယ်ဆိုရင် အဲဒီအမြင်တွေဟာ နှစ်ဖက်လှတဲ့ အတွေးအမြင်တွေ၊ တစ်နည်းအားဖြင့် အင်္ဂါစုံတဲ့ အတွေးအမြင်တွေ၊ အရောင်စုံတဲ့အတွေးအမြင်တွေအဖြစ် ဖွဲ့စည်းနိုင်ပါတယ်”လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
လှပတဲ့ပန်းချီကားတစ်ချပ်မှာ အရောင်တစ်ရောင်တည်းနဲ့ ရေးခြယ်ထားတာထက် အရောင်စုံနဲ့ ရေးခြယ်ရမှာကို ဆိုလိုချင်တာဖြစ်ကြောင်း ရှင်းပြပါတယ်။
“အဲဒီလို အရောင်စုံနဲ့ ရေးခြယ်နိုင်ဖို့ရာအတွက်ဆိုရင် ပန်းချီကားတစ်ချပ်ပေါ်မှာ ရေးဆွဲသလိုပဲ ကျနော်တို့အချင်းချင်းဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုတွေ၊ နားလည်မှုတွေ၊ မူလရှိတဲ့ ဦးတည်ချက်တွေ၊ မှန်းဆထားတဲ့ ဦးတည်ချက်ပန်းတိုင်တွေကို ကျနော်တို့ မျက်ခြေမပြတ်ကြည့်ပြီးတော့ ညှိနှိုင်းကြခြင်း၊ ဆွေးနွေးကြခြင်း၊ တိုင်ပင်ကြခြင်းဆိုတဲ့ ကိစ္စရပ်တွေက အင်မတန်မှ အရေးကြီးတဲ့ လုပ်ငန်းရပ် တွေ ဖြစ်ပါတယ်။”လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

















































