ဖေဖော်ဝါရီ-၅၊၂၀၂၆၊မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရပြီး ကိုရင်တစ်ပါးအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုများတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။
ဒီကနေ့(ဖေဖော်ဝါရီ ၅ရက်)မနက် ၁၀နာရီဝန်းကျင်က မြို့မြောက်ခြမ်းက သစ္စေးကုန်းကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ ရွာဘုန်ကြီးကျောင်းကို ကြဲတာ။ဂျက်ဖိုက်တာ ၂စီးနဲ့ ကိုရင်လေးတစ်ပါး၊ ပြည်သူ၅ဦး သေတယ်။ထိခိုက်တာတွေက များတယ်” လို့ ဖြစ်စဥ်ကို သိရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ဘုန်ကြီးကျောင်းဆောင်တွေ အားလုံးနီးပါးပျက်စီးသွားပြီး ကျောင်းဝင်းအတွင်းရှိတဲ့ ကားဝပ်ရှော့က ကားတွေလည်း ပျက်စီးခဲ့တယ်လို့ သူက အသိပေးပါတယ်။
“ ဘာပွဲလမ်းသဘင်မှလည်း မရှိဘူး။သံဃာတွေနဲ့ အရပ်သားတွေ ရှိတဲ့နေရာကို အကြောင်းမဲ့ လာသတ်တာ” လို့ တန့်ဆည်မြို့နယ်စစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို စစ်တပ်ရဲ့ဝါဒဖြန့် တယ်လီဂရမ်အကောင့်တွေက ဗန်းမော်မြို့ကို စစ်ကူသွားမယ့်ယာဥ်တန်းကို တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
တန့်ဆည်မြို့နယ်ကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏလုပ်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်း ဖေဖော်ဝါရီ ၂ ရက်ကလည်း တန့်ဆည်မြို့နယ်အနောက်ခြမ်းက ကော်တတ်ကျေးရွာကို တိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာတွေ၊နေအိမ်တွေ ဦးတည်လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာကြောင့် ဗုံးခိုကျင်းတွေ တူးထားဖို့နဲ့ လေကြောင်း သတိပေးချက်တွေကို ဂရုစိုက်ဖို့ လည်း ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

















































